ဒီဇင်ဘာလ(၂၀)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ခရိုင်(၇)ခုတွင် ယခုနှစ် ဆောင်းရာသီကာလ တုပ် ကွေးရောဂါတကျော့ပြန် အဖြစ်များလာနေပြီး ဆေးဝါးလိုအပ်ချက်များလည်းရှိနေကြောင်း ကေအဲန်ယူ၏ ကရင် ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန(KDHW) ထံမှ သိရသည်။
ကော်သူးလေနယ်မြေများတွင်သာမက ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းအချို့တွင်လည်း တုပ်ကွေး ရောဂါများ ထပ်မံဖြစ်ပွားလာနေသည်ကိုတွေ့ရှိရပြီး ရောဂါ ကုသရန် ဆေးဝါးလိုအပ်ချက်များလည်းရှိ နေ ကြောင်း KDHW ၏ (Karen Emergency Response Team) မှ တာဝန်ရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကေအိုင်စီ ကိုပြောသည်။
၎င်းက “အခု တုပ်ကွေးက ပြန်ခေတ်စားလာပြီးတော့ Top(10)ရောဂါစာရင်းထဲမှာ ပြန်ဝင်နေတယ်။ ကော်သူး လေနယ်မြေ ၇ ခုထဲမှာ ဖြစ်နေတာပါ။ ကရင်ပြည်နယ်မှာလည်းဖြစ်တယ်။ IDP camp ကျတော့ ထိုင်းနယ်စပ် ဘက်က စစ်ရှောင်စခန်းတွေမှာဖြစ်နေတယ်။ ကရင်ပြည်နယ်မှာတော့ နှာစေး ချောင်းဆိုး၊ ကိုယ်ပူ အဲ့လိုမျိုး တော့ လူတွေများများလာတယ်။ တချို့နေရာတွေဆို ဆေးဝါးလိုအပ်နေတာရှိတယ်။ မှာထားတုန်းပဲ မရသေးတာ မျိုးပေါ့။” ဟု ကေအိုင်စီကို ပြောသည်။
KDHW အနေဖြင့် ခရိုင်ခုနှစ်ခုတွင် ကျန်းမာရေးဌာနများထားရှိဆောင်ရွက်ရုံသာမက Mobile team များ ဖွဲ့စည်း ၍ တုပ်ကွေးအပါအဝင် အခြားသောရောဂါကုသရေးများ ဆောင်ရွက်နေသော်လည်း ဆေးဝါးလိုအပ်ချက် ရှိ သည့်အပြင် ပို့ဆောင်ရေးစရိတ် နှင့် လုံခြုံရေးအပိုင်းအတွက်ပါ စိန်ခေါ်မှုများ ရှိနေကြောင်း ထိုတာဝန်ရှိ ကျန်းမာရေးဝန်ထမ်းက ဆက်ပြောသည်။
“မိုဘိုင်း Team ကျတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို လိုက်သွားဆောင်ရွက်ပေးနေတာမျိုးပေါ့။ ရာသီတုပ်ကွေး အတွက်တင်မဟုတ်ဘူး။ စိန်ခေါ်မှုကတော့ ဆေးနဲ့ပတ်သက်တာလိုအပ်ချက်ရှိတယ်။ နယ်စပ်ကနေဝယ်ပြီး သူတို့ အတွက်ပို့မယ်ဆိုရင် လမ်းစရိတ်ကတစ်ပိုင်း၊ လုံခြုံရေးကတစ်ပိုင်းဖြစ်နေတာ။ တပ်မဟာ (၃) ဆိုရင်လည်း နေ့တိုင်းပဲ လေယာဉ်ပျံနဲ့လာနေတယ်။ တိုက်ပွဲဖြစ်နေတဲ့အထဲက မိုဘိုင်းသွားနေရတာပဲ။ တပ်မဟာ (၆) လည်း အဲ့လိုပဲ။” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ထို့အတူ ကရင်ပြည်နယ်၏ အချို့ဒေသများတွင် အာဏာသိမ်းပြီးနောက် စစ်တပ်က တော်လှန်ရေး အင်အားစု များထံ ဆေးဝါးဖြတ်တောက်နိုင်ရေး ဒေသအတွင်း ဆေးဝါးကန့်သတ်ချက်များပါ ထားရှိသဖြင့် ဆေးဝါး လိုအပ် မှုသည် စားနပ်ရိက္ခာလိုအပ်ချက်နှင့်ထပ်တူ အရေးကြီးနေခြင်းဖြစ်သည်။

စစ်တပ်၏ ဆေးဝါးကန့်သတ်မှုခံထားရသော လိပ်သိုဒေသတွင် နေထိုင်သူ အမျိုးသားတစ်ဦးက “ကျနော်တို့ ဘက်မှာ အေးလာနေပြီး။ တုပ်ကွေးတွေလည်း တချို့တလေဖြစ်တယ်။ ကလေးတွေ တော်တော် များများ ဖြစ်နေတယ်။ တစ်ရွာမှာနှစ်ယောက် သုံးယောက်ပေါ့။ ဆေးလုံလောက်မှုတော့ ဘယ်ရှိမှာလဲ လိုတော့ လိုတာပေါ့။ ကျန်းမာရေး အဖွဲ့တွေ လှည့်လာတာလည်းမတွေ့မိဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။
ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများတွင် ဆေးပေးခန်းများရှိသော်လည်း ပဋိပက္ခဖြစ်ပွား ရာအရပ်ရှိ ထွက်ပြေးတိမ်းရှောင်နေရသူများမှာ ဆေးရုံ၊ဆေးခန်းများ နှင့် အလှမ်းဝေးနေပြီး သွားလမ်း မလုံ ခြုံမှုကြောင့် လိုအပ်သည့်ဆေးဝါးပြန်မယူရဲကြသည့်အတွက် ကျန်းမာရေး ဝန်ဆောင်မှုလက်လှမ်းမီမှု အခက် အခဲများရှိနေသည်ဟု ဒေသတွင်းကျန်းမာရေးအဖွဲ့များ၏ ပြောပြချက်အရ သိရသည်။
ကေအဲန်ယူခရိုင်(၇)ခုအခြေစိုက် KDHW အနေဖြင့် ပြည်ပ ကျန်းမာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လူထု ဆေးဝါးလိုအပ်ချက်အတွက် ထောက်ပံ့မှုရှိသော်လည်း အကန့်အသတ်ဖြင့်သာရရှိနိုင်ခြင်းကြောင့် အရေးပေါ်လို အပ်ချက်နှင့် ထောက်ပံ့မှုမလုံလောက်ရခြင်းဖြစ်ကြောင်း KDHW ဘက်က ဆိုသည်။
လက်ရှိတွင်လည်း ကေအဲန်ယူ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲနှင့်ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ၉ သောင်းထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ကေအဲန်ယူအပါအဝင် ပြည်တွင်းပြည်ပမှ အထောက်အပံ့များက လုံလောက်မှုမရှိဘဲ ဆေးဝါးအပြင် နေရာထိုင်ခင်းနှင့်အစားအသောက်များ ထပ်မံလိုအပ် နေသေးကြောင်း ခရိုင်သတင်းနှင့်ပြန်ကြား ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။



















