Home သတင်း KNU တပ်မဟာ ၆ နယ်မြေထဲတွင် နှစ်ဖက်တိုက်ပွဲအရှိန်မြှင့် ဖြစ်ပွားလာနေ

KNU တပ်မဟာ ၆ နယ်မြေထဲတွင် နှစ်ဖက်တိုက်ပွဲအရှိန်မြှင့် ဖြစ်ပွားလာနေ

1044

ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာခရိုင်အတွင်းရှိ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ တောင်ကြာအင်း၊မြဝတီ နှင့် သင်္ဃန်းညီနောင်မြို့အနီးဝန်းကျင်များတွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်-BGF တပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ တိုက်ပွဲအရှိန်မြှင့်လာကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များကပြောသည်။

တောင်ကြာအင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်တစ်ဦးက “အခုကတိုက်ပွဲတွေနေ့တိုင်း ဆက်တိုက်ဖြစ် နေတယ်။ တောင်ကြာအင်း ကျောင်းနဲ့ နောင်တလာရွာမှာ ညကနေ အခုမနက်အထိတိုက်နေတယ်။ ချောင်းနှစ်ခွ ရဲစခန်းဘက်မှာ တိုက်နေတယ်။ သဃ်န်းညီနောင် တပ်မ၊ ရဲစခန်းဘက်ရယ် ပြီးတော့ ကော့ကရိတ်လည်း မြို့တွင်း မှာတိုက်နေတယ်။ နေရာစုံ အရှိန်မြှင့်တိုက်နေတယ်။ ဒရုန်းလည်း ဆက်တိုက်ချနေတယ်။ စစ်တပ်ကတော့ လက်နက်ကြီးတွေ ရပ်ထဲရွာထဲ လက်ကုန်ပစ်တာပေါ့။” ဟု ကေအိုင်စီ သို့ ပြောသည်။

လက်ရှိ ဒီကနေ့ နံနက်ပိုင်းတွင် စစ်တပ်က ကင်းထောက်လေယာဉ် ပျံသန်းမှုများရှိနေပြီး မြေပြင်စစ်တပ် လက်နက်ကြီး ပစ်ခတ်သည့်နေရာများမှ ကျေးရွာနှင့် ရပ်ကွက်များဘက် လက်နက်ကြီးပစ်ခတ်နေကြောင်း စစ်ဘေးရှောင်နေရသည့် ကျေးရွာသားများက ပြောသည်။

ထီးဖိုစံ ရွာသားတစ်ဦးက “ဘယ်မှာ မှ မနေရဲကြတော့ဘူး။ သာမည တို့ ဖားအံတို့ ဘက်ကို လူထောင်ချီ ပြီး ပြောင်းနေကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ ဘုရားဝင်းတွေမှာတော့ပေးနေတာတော့ရှိတယ်။ နေရာစုံလျှောက် ရှောင်နေကြရသလိုဖြစ်နေတယ်။ အခု နောင်တပွဲ၊ ထီဖိုးစံ၊ နဘူးဘက်တွေမှာ လူ ၆၀၀၀ လောက် စစ်ရှောင် နေရ တယ်။ ရိက္ခာစားစရာမရှိဘူးဖြစ်နေတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ကရင်ပြည်နယ်အတွင်း ဖားအံ နှင့် လှိုင်းဘွဲမြို့ဘက်တွင် တိုက်ပွဲမရှိသော်လည်း ဖားအံမြို့ရှိ တပ်မ(၂၂) အပါ အဝင် ဖားအံတပ်နယ်အတွင်းရှိ စစ်တပ် တပ်ရင်းများကိုအခြား ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်၊ သံတောင်မြို့နယ်များဘက် စစ်ကူပို့ဆောင်ခြင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာပို့ဆောင်ခြင်များအား နေ့စဉ် ပို့ဆောင် စစ်ရေးကွပ်ကဲလျှက်ရှိကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်း အမြစ် က ပြောဆိုချက်အရ သိရပါသည်။

အလားတူ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ ဖားအံမြို့တွင်လည်း မြို့ပေါ် တိုက်ပွဲများ ဖော်ဆောင် လာမည့် ကောလဟာလ သတင်းများထွက်ပေါ်နေပြီး စစ်ကောင်စီဘက်မှ လုံခြုံရေး အထူး သတိပြု စီမံလာ ကြောင်းလည်း အခြေအနေကို သတိပြုမိသည့် မြို့ခံများကပြောသည်။