Home သတင်း KNU တပ်မဟာ (၆) နယ်မြေတွင် စစ်ရှောင်ဦးရေနေ့စဉ်မြင့်တက်နေသဖြင့် အကူအညီများ ထပ်မံလိုအပ်နေ

KNU တပ်မဟာ (၆) နယ်မြေတွင် စစ်ရှောင်ဦးရေနေ့စဉ်မြင့်တက်နေသဖြင့် အကူအညီများ ထပ်မံလိုအပ်နေ

837
Photo: CJ

ဒီဇင်ဘာလ(၂၀)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၆)ထိန်းချုပ်သည့် ဒူးပလာယာခရိုင်အတွင်း တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ နေ့စဉ်မြင့် တက်နေ၍ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ထပ်မံလိုအပ်နေကြောင်း ခရိုင် သတင်းနှင့်ပြန်ကြားရေး၏ ယနေ့ဒီဇင်ဘာလ(၂၀)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစ၍ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်‌မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ဖြစ်ပွားနေသော တိုက်ပွဲကြောင့် နေရပ် စွန့်ခွာနေရသူ စစ်ရှောင်ပြည်သူ ၉ သောင်းထက်မနည်းရှိပြီး ကေအဲန်ယူနှင့် ပြည်တွင်းပြည်ပ အလှူရှင်များက ကူညီမှုပေးနေသော်လည်း စစ်ရှောင်အရေအတွက် နေ့စဉ်တိုးမြင့်လာသဖြင့် ‌‌လိုအပ်ချက်ရှိနေသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများ ကော်မတီ-CIDKP ၏ တာဝန်ရှိသူ စောခဲလေက “ဒူးပလာ ယာခရိုင်ထဲမှာ ကျနော်တို့အပြင် အခြားလူပုဂ္ဂိုလ်အချင်းချင်း ကူညီပေးနေတာရှိပေမယ့် အကူအညီ လုံးဝမရ သေးတဲ့ စစ်ရှောင် တွေလည်း ရှိသေးတယ်။ အဓိက လိုအပ်တာတော့ အခြေခံစားသောက်ကုန် ဆန်ပေါ့။ ကျနော်တို့ဆို စစ်ရှောင် တွေကို အရင်ကပစ္စည်းလှူတာ။ ဒါပေမဲ့ သယ်ဖို့အခက်အခဲရှိတော့ အခု ထိုင်းဘတ်နဲ့ တွက်ရင် တစ်ယောက်ကို ဘတ် ၄၈၀ လောက်တော့ရမယ်။ အဲ့လိုပဲလှူလိုက်တယ်။ သူတို့လက်ထဲရောက်မှ သူတို့လိုတာ ပြန်ဝယ်‌ပေါ့။ ဒါက လည်း တစ်လချင်းပဲလှူနိုင်တာပါ။” ဟု ကေအိုင်စီ သို့ပြောသည်။

ကေအဲန်ယူ-တပ်မဟာ(၆)၏ ထုတ်ပြန်ချက်အရ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်တွင် စစ်ဘေးရှောင် ၃ သောင်းကျော်၊ ကျုံဒိုးမြို့နယ်တွင် ၂ သောင်းကျော်၊ ဝင်းရေးမြို့နယ်တွင် ၂ သောင်းကျော်နှင့် နို့တကောမြို့နယ်တွင် ၂ သောင်းကျော် ရှိနေပြီး ဘေးကင်းလုံခြုံသည့်နေရာများတွင် နေရာချထားပေးကြောင်း ဆိုထားသည်။

Photo: CJ

ထို့အတူ ပြီးခဲ့သည့် လပိုင်းများက ‌ဒူးပလာယာခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူ ၉ သောင်းဝန်းကျင်ရှိ သော် လည်း မြို့နယ်(၄)မြို့နယ်လုံး တိုက်ပွဲဖြစ်ပွားနေသည့်အခြေအနေကြောင့် ယခု ဒီဇင်ဘာလအထိ ခရိုင်တစ်ခုလုံး တွင် စစ်ဘေးရှောင် တစ်သိန်းလေးသောင်းအထိ ရှိလာသည်ဟုလည်း CIDKP ဘက်က ပြောဆိုသည်။

အလားတူ လချီကြာမြင့်လာသည့် ကော့ကရိတ်တိုက်ပွဲကြောင့် လူမှုစီးပွားရေးထိခိုက်ပျက်စီးသွားသည့် ရွှေ့ပြောင်းစစ်ရှောင်နေရသူများရှိနေသလို လက်နက်ကြီးပစ်ခတ်မှုများအကြား ထိခိုက်သေဆုံးရသည့် ‌စစ်ဘေး ရှောင်များလည်း ရှိနေသည်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ခရိုင်(၇)ခုလုံးတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ယခုနှစ်အထိ စစ်ဘေး ရှောင် ၆ သိန်း ၃ သောင်းကျော်ရှိနေသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN က စာရင်း ကောက်ခံဖော်ပြထားသော်လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး-UNOCHA ၏ ယခုနှစ် ဇူလိုင်လအစီရင်ခံစာတွင်မူ မြန်မာအရှေ့တောင်ပိုင်းရှိ စစ်ရှောင်အရေအတွက်ကို ၃ သိန်းကျော်သာ ဖော်ပြထား သည်ဟု KPSN က စက်တင်ဘာလထုတ် အစီရင်ခံတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ပြည်တွင်းပြည်ပရှိ လူသားချင်းစာနာမှုဆိုင်ရာ အရပ်ဖက်အဖွဲ့များ‌အနေဖြင့်လည်း စစ်ကောင်စီမှတဆင့် သွားနေ သည့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီများကို နယ်စပ်မှတဆင့်ဖြတ်ကျော်ပေးရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအား အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသော်လည်း ယနေ့အချိန်ထိ အကူအညီ ရရှိခြင်း မရှိ သေးကြောင်းသိရသည်။