Home သတင်း စစ်ဘေးရှောင်နေရသည့် ကော့ကရိတ်မြို့တောင်ပိုင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်မှုရှိနေ

စစ်ဘေးရှောင်နေရသည့် ကော့ကရိတ်မြို့တောင်ပိုင်း စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်မှုရှိနေ

1044
Photo: CJ

ဒီဇင်ဘာလ ၁၇ရက်၊ ၂၀၂၃ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စားသောက်ကုန်များဝယ်ယူရန် ခက်ခဲ နေသဖြင့် စစ်ရှောင်နေရသည့် ကော့ကရိတ်မြို့တောင်ပိုင်းဒေသခံများသည် စားနပ်ရိက္ခာများ လိုအပ်မှုရှိနေ ကြောင်းစစ်ရှောင်နေရသူများကပြောသည်။

ဒီဇင်ဘာလ ၁ရက်နေ့နံနက်အစောပိုင်းစတင်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့၏ မြို့တွင်းတိုက်ပွဲဖော်ဆောင်မှုသည် ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကုန်ပစ္စည်း ပြတ်လပ်မှုနှင့် ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေသလို ဝယ်ယူစားသောက်ရန် ငွေကြေးအခက် အခဲရှိနေခြင်းကြောင့် စားနပ်ရိက္ခာလိုအပ်မှုများရှိလာနေကြောင်း စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

၎င်းက‘‘မြို့ထဲမှာတိုက်ပွဲကဖြစ်နေတုန်း။ တိမ်းရှောင်လာတုန်းက စားစရာတွေလဲများများပါမလာဘူး။ လမ်းတွေ ပိတ်တော့ကုန်ပစ္စည်းတွေပြတ်လပ်တယ်။ စျေးလဲတက်တယ်။ ဝယ်ပဲစားနေရတော့ ကုန်စျေးနှုန်း ကြီးတာနဲ့ ပိုက် ဆံမတတ်နိုင်တော့ဘူ။ စားစရာတွေလိုအပ်နေတယ်” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ကော့ကရိတ်မြို့တွင် တိုက်ပွဲကြောင့်အသွားအလာမလုပ်နိုင်ကြဘဲ ဒေသခံများအနေဖြင့် စားသောက် ကုန်များကို ကျိုက်ဒုံမြို့နှင့် ကျုံဒိုးမြို့ဘက်သို့ သွားရောက်ဝယ်ယူနေရပြီး သွားလာရေးအခက်အခဲများ ကြောင့် ကုန်ပစ္စည်းဝယ်ယူနိုင်မှု အခက်အခဲများရှိနေကြောင်းလည်း ကော့ကရိတ်မြို့နယ်တောင်ပိုင်းမှ ကုန်စုံစျေးဆိုင် ဖွင့်လှစ်သူများကပြောသည်။

Photo: CJ

ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ‘‘ကော့ကရိတ်မှာသွားလာလို့မရတော့ ကုန်ပစ္စည်းတွေ ကျိုက်ဒုံတို့ ကျုုံဒိုးတို့ ဘက်မှာ လမ်းကြောင်းရှာပြီးသွားဝယ်ရတယ်။ သွားလာရတာလဲခက်ခဲတယ်။ ပစ္စည်းတွေလည်း လိုသလောက်မရဘူး။ ပြတ်လပ်မှုလည်းရှိတယ်။ စျေးနှုန်းလည်းပိုကြီးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့တွင် (KNLA)ပူးပေါင်းတပ်ဖွဲ့တို့ ဖော်ဆောင်သည့် မြို့တွင်းတိုက်ပွဲသည် ယနေ့ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ အလုံးစုံသိမ်းယူနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီတပ်မှ ဆက်သွယ်ရေး ဖုန်းလိုင်း များအားလုံး ဖြတ်တောက်လိုက်သဖြင့် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံပြည်သူအချို့သည် မိသားမစုဝင်များနှင့် အဆက် အသွယ်ပြတ်တောက်နေကြောင်း စစ်ဘေးရှောင်သူများကပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့နှင့် အနီးဝန်းကျင်တိုက်ပွဲကြောင့် ဒေသခံ အရပ်သား ၂၀ ကျော်ခန့် ထိခိုက် သေဆုံးပြီး နေအိမ်နှင့် ဆိုင်ခန်းအလုံးရေ ၁၀၀ နီးပါး လက်နက်ကြီး လက်နက်ငယ် ထိမှန် ပျက်စီးပြီး ဒေသခံပြည်သူ (၃၀,၀၀၀)ကျော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ လိုအပ်နေဆဲဖြစ်သည်။