ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့တွင် နှစ်ဖက်စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူများ ၏ ယာယီစစ်ဘေးရှောင်နေရာများတွင် စားနှပ်ရိက္ခာပြတ်လတ်မှုများ ကြုံနေကြရကြောင်း သာမည၊ နဘူး နှင့် နောင်တပွဲကျေးရွာများဘက် စစ်ဘေးရှောင်နေရသူများက ပြောသည်။
နဘူးရောက် စစ်ရှောင်တစ်ဦးက “အခုက ၁၅ ရက်ကျော်လာပြီး။ အိမ်လည်းပြန်မကြည့်ရဲဘူး။ စားစရာကလည်း မရှိတော့ဘူး။ တိုက်ပွဲဖြစ်လို့ ကြုံရာကားနဲ့ လိုက်လာတယ်။ အသက်လွတ်လာတယ်။ အခု နေစရာ စားစရာမရှိ သွားလာပြီး အလုပ်လုပ်ဖို့ကလည်း မရှိနဲ့ ခက်မှခက်ဘဲ။ ကလေးတွေ စားဖို မရှိတော့ စိတ်မကောင်းဖြစ်ရတယ်။ လာပေးလာဝေတဲ့ သူလည်းမရှိဘူး” ဟု ကေအိုင်စီ သို့ပြောသည်။
လတ်တလော ကော့ကရိတ်မြို့တွင် စစ်တပ်တပ်စွဲထားသည့် နေရာများဘက် နှင့် KNLA ပူးပေါင်းတပ်များ နေ့စဉ် တိုက်ပွဲဆက်ဖြစ်နေပြီး ယခု ဒီဇင်ဘာ ၁၈ရက်အထိ မြို့တွင်း ရပ်ကွက် ၇ ခုမှ စစ်ဘေးရှောင်နေရသူ (၁၅,၀၀၀) ကျော်ရှိပြီး ရပ်ကွက်နေ့ ပြည်သူအချို့မှာလည်း မြိုတွင်း၌ အိမ်ပိတ်၊ဆိုင်ပိတ်၍ ဆက်လက် နေထိုင်ကြသူများ လည်းရှိကြောင်း ကော့ကရိတ်မြို့တွင်းနေထိုင်သူ တစ်ဦးက ယခုလိုပြောသည်။

အမှတ် (၅)ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက “အခု ဖုန်းလိုင်း အင်တာနက်လိုင်းက မရလိုက်၊ ရလိုက်ဘဲ။ တိုက်ပွဲကလည်း ပစ်လိုက် ငြိမ်လိုက်ဘဲ။ ကရင်အဖွဲ့ PDF အဖွဲ့တွေက ပတ်နေသလို စစ်တပ်ကလည်း ပတ် နေတယ်။ စစ်တပ်က ရပ်ကွက်အိမ် မီးရှို့တယ်။ အိမ်တွေဝင်စစ် ဝင်ဖောက် ပစ္စည်းယူတာလည်းရှိတယ်။ PDF တွေ ကရင်အဖွဲ့တွေက BGF ဂိမ်းရုံးတို့ ငွေကောက်ဂိတ်တို့ မီးရှို့တာ ဖျက်ပစ်တာမျိုးတော့ရှိတယ်။ ဈေးဆိုင် တွေမရှိတော့ စားစရာမရှိဘူး။ စစ်ရှောင်ကူညီတဲ့သူတွေလည်း မြိုထဲ မလာရဲကြဘူး။ ကျနော်တို့က မြို့ထဲ ပုန်းကျင်းနဲ့ နေနေတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
ကော့ကရိတ်မြို့တွင်း၊မြို့ပြင်တိုက်ပွဲဖြစ်ပွာနေသည်မှာ ရက်ကြာလာသည်နှင့်အမျှ မြဝတီ-ကော့ကရိတ် အာရှ လမ်းမ ပိတ်ထားရသလို ကျေးရွာများဘက်ဆက်သွယ်သွားလာလို မရသည့် အခြေအနေလည်း ရှိနေပြီး စစ်တပ် ဘက်မှ ကင်းထောက်လေယာဉ်ပျံသန်းတာ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လုပ်ဆောင်နေ သေး ကြောင်း ကော့ကရိတ်မြို့ခံများကဆိုသည်။



















