Home တွေ့ဆုံမေးမြန်းခန်း အရက်နှင့် နောက်ဆက်တွဲ ကျန်းမာရေးနှင့် လူမှုရေးပြသနာများ

အရက်နှင့် နောက်ဆက်တွဲ ကျန်းမာရေးနှင့် လူမှုရေးပြသနာများ

649

အရက်နှင့် နောက်ဆက်တွဲ ကျန်းမာရေးနှင့် လူမှုရေးပြသနာများ

အရက်သောက်ခြင်း၊ အရက်စွဲခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ ကျန်းမာရေးနှင့် လူမှုရေး ပြသနာများနှင့် ပတ်သက်ပြီး ပညာပေးလုပ်ဆောင်နေမှုတွေကို အရက်၊ မူးယစ်ဆေးဝါးကုသမှုနှင့် ပညာပေးဌာန (DARE-Network) ၏ မန်နေဂျာ စဂျွန်နှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး – အရက်စွဲနေတဲ့သူတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။
ဖြေ – ကျနော်တကယ်တမ်းအရက်သုံးစွဲဖူးလို့ သိတာပေါ့ဗျာ။ မသောက်ရရင်မနေနိုင်ဘူး။ မသောက်ရတဲ့အချိန်မှာ လက်တုန်ခြေတုန်ဖြစ်တယ်။ နောက်ဆုံးနောက်ဆက်တွဲ လိုက်လာတာက သွေးတိုး၊ ပြီးရင် ဂနာမငြိမ်တာ စိတ်ကစဉ့်ကလျားဖြစ်တယ်။ အဲဒီလိုသင်္ကေတတွေ လူတစ်ယောက်က ရှိပြီဆိုရင် ဒါစွဲနေပြီ။ မသောက်ရရင်မနေနိုင်တော့ဘူး။ အဲဒါကို တစ်ခွက်စ၊ နှစ်ခွက်စ သောက်ပြီးမှ၊ သောက်နိုင်မှ သူ့ဘာသာသူ limit က ရောက်သွားပြီးတော့ သွားနိုင်၊ လာနိုင်၊ ဆိုနိုင် အဲဒီလိုမျိုး ဖြစ်သွားတယ်။ အဲဒါ စွဲတဲ့အဆင့်ရောက်သွားပြီ။ လက္ခဏာက အဲဒါပဲ။ အဲဒါက အရက်သက်သက်ဘဲ ပြောတာ။

မေး – အရက်သောက်ခြင်းကြောင့် နောက်ဆက်တွဲခံစားရတဲ့ ကျန်းမာရေးအခြေအနေလေးတွေကို ပြောပြပေးပါ။
ဖြေ – အရက်မှာဖြစ်တဲ့ပြသနာက အရှေ့မှာ ဆုံးသွားတဲ့သူတွေရဲ့သင်ခန်းစာကို ကြည့်လိုက်မယ်ဆိုရင် စားမနိုင်။ အိပ်မနိုင်။ နောက်ဆက်တွဲရောဂါတွေလည်း လိုက်လာတယ်။ ဒါ အတိုဆုံးပြောတာပါ။ ဖော်ပြရရင်တော့ အများကြီးပေါ့။ အဆိုးဆုံးပြောရမယ်ဆိုရင် လုံးဝကိုမသင့်တော်တော့ဘူး။ အဆိုးဘက်ကို ပြောတာမဟုတ်ဘူး။ တွေ့မြင်ရတဲ့ဟာကိုပြောတာ။ နောက်ပြီး ဒီအရက်တွေက ဒီစခန်းထဲမှာ မကောင်းဘူး။ အရက်တွေက စျေးပေါပေါနဲ့ ဝယ်လို့ရတဲ့အရက်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့ အမျိုးသားရေးအတွက်လည်း မကောင်းဘူး။ မိသားစုအတွက်မပြောနဲ့။ တစ်ခုမှ မကောင်းတော့ဘူး။

မေး – အရက်သောက်ခြင်းကြောင့် ဖြစ်ခဲ့ရတဲ့ လူမှုရေးပြသနာ အကြောင်းအရာလေးတွေကို ပြောပြပေးပါ။
ဖြေ – အရက်လာဖြတ်ကြတဲ့အချိန်မှာ ကျနော်တို့ဘယ်လိုပြောရမလဲ။ ပြောမရ၊ ဆိုမရတဲ့လူတွေလည်း ပါတယ်။ မိဘကလည်း ဖုံးတယ်ဆိုတဲ့သဘောမျိုးလည်း မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဘာမှမသိတော့ဘူး။ မစင်စွန့်တာတောင် မသိတော့ဘူး။ အဲဒီအချိန်မှာ သူ့တို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် သွားတာတွေက သိန်းဂဏန်းလောက်ရှိပြီ။ အဲဒီအရက်ကြောင့်ဘဲ။ အဲဒါတွေကတော့ ထူးထူးခြားခြားလေးတွေ။ ရူးတာလည်းမဟုတ်ဘူး။ ဒါပေမဲ့ စိတ်ကစဉ့်ကလျားဖြစ်သွားပြီ။ ကြောင်နေပြီ။ မသောက်ရ မနေနိုင်ဘူး။ ဆေးတွေလည်း တောင်းသောက်တယ်။ အရက်လည်း တောင်းသောက်တယ်။ တိုက်လို့မရဘူး။ သူတို့လာတောင်းသောက်တဲ့အချိန် အဖွဲ့အစည်းရဲ့စည်းကမ်းက တိုက်လို့မှမရဘဲကို။ အဲဒါကြောင့် အရက်ကြောင့် ဆုံးပါးသွားတာ (၄) ယောက်လောက်ရှိသွားပါပြီ။ အဲဒါတွေက ထူးထူးခြားခြားတွေပေါ့။ နောက်မိန်းကလေးတစ်ယောက်ပေါ့။ သူလည်းအရက်ဘဲ။ အဲဒါကလည်း ရုံးကိုရောက်လာတယ်။ သူ့ကိုယ်သူဓါးနဲ့လှီးပြီးတော့ သိတောင်မသိလိုက်ဘူး။ အဲ့တာမျိုးတွေလည်း ထူးထူးခြားခြားဖြစ်စဉ် ရှိခဲ့ပါတယ်။ ကျန်တာတွေကတော့ အေးအေးဆးဆေးပါပဲ။

မေး – အရက်ဖြတ်လျှင် မည့်သည့်ဝေဒနာများခံစားရနိုင်ပါသလဲ။
ဖြေ – ချက်ချင်းဖြတ်ရင် ဖြတ်လို့မရဘူး။ ဘယ်လိုပြောရမလဲ စိတ်ကစဉ့်ကလျားဖြစ်တယ်ဆိုတာက တစ်ချို့သူတွေရဲ့အမြင်မှာတော့ ရူးတယ်ဘဲထင်တယ်။ အမှန်က မရူးဘူး။ တစ်ယောက်ထဲ စကားပြောတာ။ ဒီနားကရေကြီးနေတာတို့။ ခုန်ချတာ။ ခုန်ချတယ်ဆိုရင် မီးဖိုချောင်အပေါ်က ခုန်ချတယ်။ ဒီအတိုင်းဘဲ။ ဒါအရက်ပဲနော်။ တခြားဟာမပါဘူး။ ကုန်တော့မကုန်ပါဘူး။ ဂယောင်ချောက်ချားဖြစ်တဲ့အရာတွေက ရှင်းရှင်းပြောရရင် မကောင်းပါဘူး။

မေး – အရက်ဖြတ်ပြီးမှ ပြန်သောက်ရင်ဘယ်လိုဖြစ်နိုင်ပါသလဲ။
ဖြေ – တစ်ချို့ကကိုယ်ကိုယ်တိုင် ဖြတ်တာလည်းရှိတယ်။ မိဘကလာပြီး ဖြတ်ပေးရတာလည်းရှိတယ်။ တစ်ချို့ကောင်းသွားတဲ့သူတွေရှိသလို သူ့နေရာအမှန် ပြန်ရောက်သွားတဲ့သူလည်းရှိတယ်။ နဂိုထက်ပိုပြီး ထပ်သောက်လာတာလည်း ရှိသေးတယ်။ ဆိုးကျိုးတွေဆိုတာက နဂိုကတည်းက သောက်ပြီးတော့ ခုနကကျနော်ပြောတဲ့ အချက် (၄) ချက် နဲ့ ကျော်လွန်ပြီး သောက်တဲ့လူကတော့ အများကြီးဘဲ။ တစ်ခုမှမကောင်းဘူး။

မေး – အရက်ဖြတ်ဖို့လာတဲ့သူတွေကို DARE အနေနဲ့ ဘာတွေလုပ်ပေးပါသလဲ။
ဖြေ – ကျနော်တို့ဆီမှာလာတဲ့သူတွေကို စာရွက်စာတမ်းနဲ့ (၃) လ တိတိ ကျနော်တို့ကုပေးတယ်။ ကုသမှုအတွက် တစ်နှစ်မှာ (၃) ခါ ဖွင့်တယ်။ တစ်ခေါက်ဖွင့်ရင် (၃) လ ကြာတယ်။ အဲဒီ (၃) လ အတွင်းမှာ ဆေးလိပ်သောက်လို့မရဘူး။ ကွမ်းလည်းစားလို့မရဘူး။ အရက်လည်းသောက်လို့မရဘူး။ မူးယစ်ဆေးဝါးလည်း သောက်လို့မရဘူး။ အိပ်ချိန်၊ စားချိန်၊ လေ့ကျင့်ခန်းလုပ်တဲ့အချိန်၊ နောက်တော့ ဆေးကုသတဲ့အချိန်၊ အချိန်တွေက တစ်ခုမှအလွတ်မပေးဘူး။ ည (၉) နာရီ အထိ။ (၉) နာရီဆို အားလုံးအိပ်။ တီဗီကြည့်တဲ့ အချိန်ဆိုရင် ကြည့်ပေါ့။ အမြဲတမ်း ဓာတ်ဆီထည့်တဲ့ဆိုင်ကယ်က ရေသွားထည့်ရင်မကောင်းဘူး။ သူ့ဟာနဲ့သူဖြစ်သွားအောင် ပြန်လုပ်ရမယ်ဆိုရင် အချိန်ယူရတယ်။ အခုပဲဖြတ်။ အခုပဲပြန်လာ မရဘူး။ အဲဒီအချိန်မှာ ကျနော်တို့ကဘာလုပ်လဲဆိုတော့ သောက်ထားခဲ့တဲ့ အဆိပ်တွေထွက်အောင် အပ်စိုက်မှုကိုလုပ်ပေးတယ်။ Education တိုက်ရိုက်ပေးလို့ မရသေးဘူး။ စိတ်ကစဉ့်ကလျားဖြစ်တဲ့အချိန်မှာ အပ်စိုက်တဲ့အချိန်မှာ ဆိုးရင်ဆိုးသလို စိုက်ပေးတယ်။ (၁) ရက်ကို (၂) ကြိမ် ဖြစ်ဖြစ်၊ (၃) ကြိမ် ဖြစ်ဖြစ် ရက်ပေါင်းကြာလာတာနဲ့အမျှ စိတ်ကတည်ငြိမ်လာပြီ။ စိတ်တည်ငြိမ်လာပြီဆိုရင် ကျနော်တို့ ယောဂလေ့ကျင့်ခန်းတွေ လုပ်တယ်။ ပြီးရင် ဘိန်းတောဆေးတွေ ကျွေးတယ်။ တခြားရောဂါတွေမဝင်အောင် ချွေးထုတ်ခြင်းလုပ်တာပေါ့။ မကောင်းတဲ့ အညစ်အကြေးတွေ ထုတ်လိုက်တာ။ အဲဒါလည်းပြီးရော ပုံမှန်ဖြစ်လာပြီဆိုရင် အရက်ရဲ့ကောင်းခြင်း၊ ဆိုးခြင်းတွေကို တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားပြီး‌တော့ ပြောပေး၊ လုပ်ပေးတာပေါ့။

မေး – အရက်သောက်သုံးခြင်းနဲ့ပတ်သက်ပြီး လူငယ်တွေကို မည်သည့်အကြံပြုချက်တွေ ပေးချင်ပါသလဲ။
ဖြေ – ဘာပြောချင်လဲဆိုတော့ အခုလောလောဆယ် ကျောင်းကကျောင်းသားတွေကနေစပြီးတော့ သုံးစွဲကုန်ပြီ။ သုံးစွဲတာကထိုင်းနိုင်ငံက အသိအမှတ်ပြုထားတဲ့ တရားဝင်တံဆိပ်နဲ့ မဟုတ်ဘူး။ တရားမဝင်တဲ့ဟာနဲ့။ အဲဒါတွေက လူတော်တော်ထိတယ်။ ကျန်တဲ့ဟာတွေ ဘာတွေထည့်ထားလဲဆိုတာ ကျနော်တို့ ကိုယ်တိုင်တွေ့ခဲ့ဖူးလို့။ ဖိနပ်ထည့်မယ်။ ဓာတ်ခဲထည့်မယ်။ ဂျာပါဖိနပ်ထည့်မယ်။ နီကိုတွေထည့်မယ်။ အဲဒါပြီးမှ ရလာတဲ့အရက်တွေကို စျေးပေါပေါနဲ့သောက်တော့ လူငယ်တွေကို ပြောချင်တာ အဲဒါတွေမသောက်ပါနဲ့တော့။ သောက်သုံးရင် ကိုယ်တစ်ယောက်ထဲ ပျက်စီးတာ မဟုတ်ဘူး။ ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်ပါ အားလုံးပျက်စီးတယ်ဆိုတာ သတင်းစကားပါးချင်တယ်။