လူမှုပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများစွာသက်ရောက်စေသော မူးယစ်ဆေးသုံးစွဲမှု
မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး လက္ခဏာ၊ ဆိုးကျိုး လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေ၊ သုံးစွဲမှုတွေ လျော့နည်းလာအောင် လုပ်ဆောင်နေမှုတွေကို အရက်/မူးယစ်ဆေးဝါးကုသမှုနှင့် ပညာပေးဌာန၊ (DARE-Network) ၏ မန်နေဂျာ စဂျွန်နှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး – မူးယစ်ဆေးဝါးသုံးစွဲသူတွေရဲ့ လက္ခဏာက ဘာတွေလဲ။
ဖြေ – မူးယစ်ဆေးသောက်တဲ့လူတွေက မသောက်ရရင် စိတ်ကအရမ်းတိုတယ်။ တခြားလူ မပြောနဲ့ သူရဲ့ညီအကိုမောင်နှမ၊ မိဘဆွေမျိုး၊ သားမယားတွေတောင်မှ ကြိမ်းလား၊ မောင်းလား၊ ဓါးနဲ့ခုတ်တဲ့အဆင့်ရှိတယ်။ ဖြစ်လည်းဖြစ်ခဲ့ပြီးပြီ။ သေလည်းသေခဲ့ပြီးပြီ။ စခန်းထဲမှာ မကြာခဏဖြစ်တယ်။ အဲ့ဒါကြောင့်မို့ သူရဲ့လက္ခဏာက ပိုရိုင်းတယ်။ အရက်ထက်ပိုရိုင်းတယ်။ ဒုတိယလိုက်တာကတော့ အရက်ကအသောက်အစား ရိုးရိုးယဉ်ယဉ်ပါပဲ။ ရာမနဲ့ဘိန်းနဲ့ကတော့ ဖြစ်တဲ့လက္ခဏာတွေကတော့ ဆင်တူရိုးမားဆိုပေမဲ့ ကွဲတယ်။ ဘိန်းက ရိုးရိုးလေးနဲ့ဆိုးတာ။ ရာမကကျတော့ သွေးကြမ်းတယ်။ ခုတ်စရာရှိရင်ခုတ်လိုက်တာဘဲ။ သေလုမတတ်ဖြစ်ခဲ့တာ များခဲ့ပြီ။
မေး – မူးယစ်ဆေးသုံးစွဲမှုကြောင့် မည့်သည့်ဆိုးကျိုးတွေ ရရှိနေပါသလဲ။
ဖြေ – အခုလူငယ်တွေ ဒီနေ့ဆိုလက်မှတ်ထိုးလိုက်တယ်။ တစ်လမကြာဘူး လင်မယားကွဲ သွားတယ်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းအားဖြင့် နောက်ဆက်တွဲတွေက ဆေးစစ်တာ ပေါ်တဲ့အချိန်မှာကျတော့ AIDS ဖြစ်လာတဲ့ဟာတွေအများကြီး။ အပ်တစ်ချောင်းထဲ သုံးစွဲလို့၊ ရောဂါပိုးရှိတဲ့အပ်တွေကိုသုံးစွဲမိလို့ နောက်တစ်ယောက်ကို ထပ်ကူးတယ်။ ထပ်ကူးတော့ Information သွားလိုက်တော့ သူမိန်းမကိုပါကူးတယ်။ မိန်းမကိုကူးတာတောင် မကဘူး။ ကလေးရှိတော့ ကလေးတွေပါပြန်ကူးတယ်။ အဲ့တာတွေများလာတယ်။ ကျနော်တို့စခန်းထဲမှာ များလာတော့ ဆေးရုံကြီးက ဒေါက်တာတွေနဲ့ပေါင်းပြီးတော့ လက်တွေ့ဆင်းပြီးတော့ ပညာပေးတွေလိုက်ပေးရတယ်။ ပထမတုန်းက ဖြစ်တဲ့လူကိုဘဲ ကျနော်တို့အသိပေးတယ်။ သူရဲ့လုံခြုမှုအတွက်ပေါ့။ နောက်ပိုင်းကျတော့ ဆွေးနွေးပွဲထိုင်တော့ မရတော့ဘူး။ ဒေါက်တာကြီးတွေပြောတာက ကျနော်တို့ မိဘပဲဖြစ်ဖြစ်အသိပေးရမယ်။ ဆွေမျိုးပဲဖြစ်ဖြစ်အသိပေးရမယ်။ သူမိန်းမတွေ ကလေးတွေပါအသိပေးရမယ်။ ကျနော်တို့ တစ်အိမ်ဝင်တစ်အိမ်ထွက် ပညာပေး လိုက်ပေးတယ်။ သို့သော်လည်းဘဲ ကာယကံရှင်ဖြစ်တဲ့လူတွေက သူ့မှာဘာမှမရှိဘူး ပြန်ခံငြင်းတယ်။ ဆီးစစ်တာကပေါ်နေပြီ။ ဒါတွေကရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ပေါ့ဗျာ။ အဲ့တာအောက်ကျို့ခံပြီးတော့ သွားပြီးတော့ ပညာပေးလုပ်ရတဲ့ အစိတ်အပိုင်းတွေရှိတယ်။
မေး – မူးယစ်ဆေးဝါးပေါများလာမှုကြောင့် လူမှုပတ်ဝန်းကျင်အပေါ် မည်သည့် သက်ရောက်တွေ ရှိလာပါသလဲ။
ဖြေ – မူးယစ်ဆေးဝါကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်က လင်ကမယားကို ဓါးနဲ့ခုတ်တာတို့၊ မယားကနေ လင်ကိုဓါးနဲ့ပြန်ခုတ်တာတို့၊ သေခဲ့တာလည်းအများကြီး။ ကိုယ့်ကိုကိုယ်သေကြောင်းကြံခဲ့တာ အများကြီးရှိတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ပတ်ဝန်းကျင်ကိုလည်းထိခိုက်တယ်။ နောက်ပြီး ခိုးဆိုးလုယက်မှုတွေလည်း ဖြစ်တယ်။ ပစ္စည်းပျောက်၊ ရွှေပျောက်တာလည်း ရှင်းမနိုင်တော့ဘူး။ အဲ့ဒါလည်း ပြန်ကြည့်ရင် အခြေအမြစ်တွေအားလုံးက မူးယစ်ဆေးဝါးသုံးစွဲတဲ့လူတွေအပေါ်မှာပဲ မူတည်သွားတယ်။ အများအားဖြင့် ပြစ်မှုအားလုံးမှန်သမျှ အခြေခံက မူးယစ်ဆေးဝါးနဲ့ဘဲ အခြေခံသွားတယ်။
မေး – မူးယစ်ဆေးဖြတ်စဉ် ကြုံတွေ့နိုင်တဲ့ဝေဒနာတွေကို ပြောပြပေးပါ။
ဖြေ – သူတို့ဖြတ်ရခက်တော့ ပထမဆုံးဒီမှာ သူများလာပို့တဲ့အချိန်မှာ သူတို့တွေကို ဘယ်လိုပြောရမလဲ။ နားပေါက်မဝင်ဘူး။ သူတို့မှန်တယ်ဘဲထင်တာ။ မိဘစကားလည်း နားမထောင်တော့ဘူး။ မောင်နှမလည်း နားမထောင်တော့ဘူး။ တစ်ခြား အဖွဲ့အစည်းတွေကိုဆိုပိုဆိုး။ အိမ်ကလူကိုလည်း ဂရုမစိုက်။ သူ့တို့ကိုယ်သူတို့လည်း မသိတော့ဘူး။ သူ့တို့ကိုယ်သူတို့တောင် မလေးစားတော့ဘူးဆိုရင် ကျန်တဲ့လူဆိုရင် ပိုဆိုးပေါ့။ ဒါတွေကို အများအားဖြင့် ရင်ဆိုင်ရတယ်။ အဲ့တာတွေကို ကျနော်တို့က အဖွဲ့အစည်းနဲ့ပေါင်းပြီး ဝိုင်းထိန်းပြီးလုပ်ခဲ့ရတဲ့ဟာတွေ အများကြီးဘဲ။ ဘဝကိုဖျက်ဆီးတာ။ ကိုယ့်ကိုကိုယ် ဖျက်ဆီးတာ။
မေး – မူးယစ်ဆေးဖြတ်ဖို့ ဆုံးဖြတ်လာတဲ့သူတွေကို DARE အနေနဲ့ ဘာတွေလုပ်ပေး ပါသလဲ။
ဖြေ – ဖြတ်ဖို့လာတဲ့အချိန်မှာတော့ သူတို့ပစ္စည်းတွေကို အချိန်မရွေးရှာဖွေတယ်။ ဆေးလိပ်ကအစ ပေးမသောက်ဘူး။ ကွမ်းကအစ ပေးမစားဘူး။ တုံးတိကြီးကျနော်တို့က ပေးဖြတ်တာ။ သူတို့ကို စိတ်အလိုလိုက်ပြီးတော့ ထပ်ပြီးသောက်နေမယ်၊ ရှုနေမယ်ဆိုရင် ထပ်ပြီးဆိုးဖို့ပဲရှိမယ်။ ဒါပေမဲ့ ကောင်းသွားတဲ့သူလည်းရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီတစ်လ အတွင်းတော့ ခံရတယ်။ မနေနိုင်ဘူး။ အိပ်လို့မပျော်ဘူး။ စားမဝင်ဘူး။ စိတ်တွေက ကစဉ့်ကလားဖြစ်တယ်။ ထိန်းလို့သိမ်းလို့မရဘူး။ အဲ့ဒါကို ကျနော်တို့က ကင်းတွေချပြီး စောင့်ရတာပေါ့။ အဲ့ဒီအချိန်မှ ကျနော်တို့က အပ်စိုက်တယ်။ ရေစိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ဘိန်းကသမားက ရေစိမ်လို့ရှိရင်ပြေးတယ်လေ။ ကြောင်တယ်ဆိုတာက တစ်ချို့ဘိန်းသမားက ရေချိုးရတာ အရမ်းပျင်းတာ။ ရေချိုးလိုက်ရင် အဲ့ဒီဘိန်းသမားက ပြေးသွားတယ်။ ပြေးရင် သူတို့မှာ Feel မရှိတော့ဘူး။ ဒါကြောင့်မို့လို့ တစ်ရက်ကို (၂) ကြိမ်ဖြစ်ဖြစ် ရေပေးစိမ်တယ်။
မေး – မူးယစ်ဆေးဝါး သုံးစွဲနေတဲ့သူတွေကို မည်သည့်အကြံပြုချက်တွေ ပေးချင်ပါသလဲ။
ဖြေ – ကိုယ်ကိုယ်တိုင်က မူးယစ်ဆေးဝါးသုံးစွဲဖူးတဲ့သူဆိုတော့ ကိုယ်တတ်ခဲ့တဲ့ ပညာအရည်အချင်းတွေက ဘယ်သူမှမယုံတော့ဘူး။ ကိုယ့်ကိုအယုံအကြည်လည်းမရှိဘူး။ စကားအလုံးတစ်ရာ ကိုယ်ပြောတာမှန်နေတာတောင်မှ ပတ်ဝန်းကျင်က မယုံတော့ဘူး။ မောင်နှမတွေကမယုံတော့ဘူး။ အဖွဲ့အစည်းတွေက မယုံတော့ဘူး။ အဲ့ဒါကတော့လက်တွေ့ပဲ။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုမှ မပြင်ရင် ဘယ်သူမှ ပြင်လို့မရဘူး။ အဲ့လိုမူးယစ်ဆေးဝါးသုံးတဲ့ လူတစ်ယောက်ဖြစ်သွားပြီဆိုရင် ဘယ်သူမှ တန်ဖိုးမထားတော့ဘူး။ ကိုယ်တတ်တဲ့ပညာအရည်အချင်းက မြောင်းထဲ ရောက်သွားတာ။ ဒါကြောင့်မို့ အခုဖြစ်လာမယ့် အနာဂတ်ခေါင်းဆောင် လူငယ်တွေကတော့ မသောက်မသုံးစွဲရင်အကောင်းဆုံးပဲလို့ မှာကြားချင်တယ်။