မူးယစ်ဆေးဝါး၏ သားကောင်ဘဝမှ လွတ်မြောက်လာသူ လူငယ်တစ်ဦး
အသက်ငယ်စဉ်ကတည်းက မူးယစ်ဆေးဝါး၏သားကောင်ဖြစ်ခဲ့ပြီး မိသားစုနှင့် ပတ်ဝန်းကျင်က အထင်အမြင်သေးတဲ့ဒဏ်တွေကြောင့် မူးယစ်ဆေးသုံးစွဲခြင်းကို ဖြတ်ခဲ့တဲ့လူငယ် စောဂျူလိုင်ဆဲဘန်းနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး – မူးယစ်ဆေးကို ဘယ်လိုကြောင့် စတင်သုံးစွဲဖြစ်ခဲ့ပါသလဲ။
ဖြေ – ကျနော်ကိုးနှစ်သားအရွယ်မှာ မူးယစ်ဆေးဝါးကို စသုံးတယ်။ ဘာကြောင့် စသုံးဖြစ်လည်းဆိုတော့ ကျနော်ထိတွေ့ရတဲ့ ကျနော့အဖေကိုယ်တိုင်က ဆေးခြောက်နဲ့ အရက်ကို သုံးစွဲတယ်။ ကျနော့အရှေ့မှာ သူလခထုတ်တိုင်း ပြန်လာရင်သောက်တယ်။ ကျနော် ဒီအရာတွေနဲ့ထိတွေ့ခဲ့ရတယ်ဆိုတော့ ကျနော်ဒီအရာတွေကို လုပ်တာ ထူးထူးဆန်းဆန်းကြီးတော့ မဖြစ်သွားဘူး။ အဖေလုပ်လို့ သားလုပ်တာဘဲ ဆိုပါတော့။ နောက်တစ်ခုကတော့ အပေါင်းအသင်းပေါ့နော်။ မိသားစုကို ဂရုမစိုက်ဘဲ အပေါင်းအသင်း ဘက်ကို ပိုပြီးတော့မှသွားခဲ့တယ်ပေါ့နော်။ ဆိုးတဲ့အပေါင်းအသင်းဘက်ကို ပိုသွားခဲ့တယ်။ အဲ့တာကြောင့် မူးယစ်ဆေးဝါးကို စသုံးတတ်ခဲ့တယ်။ ကျနော်သုံးခဲ့တဲ့ မူးယစ်ဆေးဝါးတွေက ထရဲမားရော၊ ညားဖော၊ ကသီးသစ်၊ ဘီ အဲဒီလေးခုလုံးကို ကျနော်သုံးခဲ့တယ်။ ကျနော့လိုင်းက ဟိုသွားလိုက်၊ ဒီသွားလိုက်နဲ့ မငြိမ်ဘူး။ အပြောင်းအလဲရှိတယ်ပေါ့နော်။
မေး – မူးယစ်ဆေးသုံးစွဲခဲ့တုန်းက ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံခဲ့ရပါသလဲ။
ဖြေ – ကိုယ်သုံးစွဲနေတဲ့ ကာလပတ်လုံးမှာ ကိုယ့်ကိုကိုယ်ဟုတ်လှပြီ ထင်နေပေမယ့် ဘယ်သူကမှ ကိုယ့်ကိုလူလို့မထင်ဘူး။ လူလိုလည်း မဆက်ဆံကြဘူး။ ပြီးတော့ကိုယ့်ကို လည်း ဂရုမစိုက်ဘူး။ ကိုယ်ဘယ်လောက်ဘဲမှန်နေပါစေ တရားဉပဒေအရ ရှင်းရမယ်ဆိုလို့ရှိရင် ကိုယ်အရက်မူးခဲ့လို့ ကိုယ်ကဒီလိုမူးယစ်ဆေးဝါးသုံးခဲ့လို့ ဆိုတဲ့ အဲ့ဒီမှားတဲ့အချက်ကိုဘဲ ထောက်ပြီးတော့ ရှင်းခဲ့ရတာတွေရှိတယ်။ ကိုယ်ကမှန်နေပေမယ့် အဲ့ဒီလိုသောက်ခဲ့တာ တစ်ခုကြောင့်မို့လို့ မတရားအစီရင်ခံလိုက်ရတာတွေလည်း ရှိခဲ့ဖူးတယ်။ ဒါကတော့ Environment အပိုင်းမှာ ကြုံခဲ့ရတာဖြစ်တယ်။ ပြီးတော့ မိသားစုအပိုင်းမှာဆိုလို့ရှိရင် သုံးဖို့မရှိတဲ့ကာလပတ်လုံး အမေ့အိတ်ထဲမှာ ပိုက်ဆံပြန်နိုက်တယ်။ ပြန်ခိုးတယ်။ ပြီးတော့ ခရစ်ယာန်ဘာသာတွေမှာ အထွတ်အမြတ်ထားတဲ့ ဆယ်ဖို့တစ်ဖို့ကို မသုံးသင့်ဘူးပေါ့နော်။ ဒါကိုသုံးလို့ရှိရင် တအားကို ဒဏ်ကြီးတယ်ပေါ့နော်။ အပြစ်ကြီးတယ်ပေါ့နော်။ အဲ့တာကို သိတယ်။ ကိုယ်က ဂရုမစိုက်မိလိုက်ဘူး။ ကိုယ်ကသုံးချင်ဇောနဲ့ ကိုယ်အသိစိတ်နဲ့လည်း ထိန်းလို့မရတော့ဘူး။ အဲ့တာကိုသွားခိုးမိသွားတယ်။ သွားခိုးမိပြီးတော့မှ သွားသုံးတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပါးတယ်။
မေး – ဘာကြောင့် မူးယစ်ဆေးသုံးစွဲခြင်းကို ဖြတ်ခဲ့တာလဲ။
ဖြေ – ဒီမူးယစ်ဆေးဝါးဖြတ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ ကိုယ့်ပညာရေးကိုလည်း ထိခိုက်လာတယ်။ ကျောင်းမတတ်ချင်တော့ဘူး။ ပညာရေးကိုလည်း ဂရုမစိုက်ချင် တော့ဘူး။ အဲ့လိုမျိုးလိုက်ပြီးတော့မှ သွားတယ်။ လာတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပါးတယ်။ ကျောင်းကို ရောက်တယ်လို့သာပြောတာ ကျောင်းရဲ့အိမ်သာက ကိုယ့်ရဲ့ ဆေးလိပ်သွားခိုးသောက်တဲ့အခန်းလို ဖြစ်နေတယ်ဆိုတော့ ကိုယ့်ပညာရေးကို ထိခိုက်တယ်ဆိုတော့ အဲ့တာကြောင့်လည်းပါတယ်။ ပြီးတော့ တိုးတတ်ချင်တယ်။ ရှင်းရှင်းပြောရရင် သူဌေးကြီးကြီးတစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမယ့် ကိုယ်ရနေသလောက် အခွင့်အရေးတွေကို ဘာကြောင့် ကိုယ်ဆုံးရူံးခဲ့ရလည်းဆိုတော့ ဒီမူးယစ်ဆေးဝါးကြောင့်ဘဲ ဆုံးရူံးခဲ့ရတယ်။ အဲဒါကြောင့်ဘဲ ဆုံးရူံးနေရတယ်ဆိုတော့ ဒီဟာကို ကျနော်ဖြတ်ချင်လို့ ကျနော့်ရဲ့ အမေနဲ့တိုင်ပင်ပြီးတော့မှ ဖြတ်ခဲ့တယ်။
နောက်တစ်ခုက ကျနော့်ပထွေးနဲ့ပေါ့နော်။ ရန်ဖြစ်တိုင်း စကားများတိုင်း ကျနော်က တစ်ခါမှ နိုင်တယ်ဆိုတာမရှိဘူး။ ကျနော့အမေက ကျနော့ပထွေးကိုပိုပြီးတော့မှ ယုံကြည်သွားပြီ။ အဲ့လိုအချိန်မှာဆိုတော့ ကျနော်က ဘာကိုပြန်လိုချင်လည်းဆိုတော့ အမေရဲ့ဂရုစိုက်မှုကို ပြန်လိုချင်တယ်။ အမေ့ဆီမှာကလေးပြန်လုပ်ချင်တယ်။ အဲ့ဒီလို ပုံစံမျိုး၊ အဲ့ဒီစိတ်ကြောင့်လည်းပါတယ်။
မေး – မူးယစ်ဆေးသုံးစွဲခြင်းကို ဖြတ်လိုက်တဲ့အချိန်မှာကြုံတွေ့ခဲ့ရတဲ့ အခြေအနေလေးတွေ ပြောပြပေးပါ။
ဖြေ – မူးယစ်ဆေးဝါးစဖြတ်တုန်းက ကျနော်စိတ်ကယောင်ခြောက်ခြား တအားဖြစ်တယ်။ အဲ့လိုမျိုးကြားယောင်တာ။ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကို အားပေးတာ။ မင်း လုပ်သာလုပ်။ ဘာမှမဖြစ်ဘူး။ လုပ်သာလုပ်အဲ့လိုမျိုး အားပေးတဲ့သူတစ်ယောက်က ကျနော့ဘေးနားမှာအမြဲရှိတယ်လို့ ကျနော်ခံစားရတယ်။ အဲ့လိုမျိုးကြားယောင်တယ်။ စစဖြတ်တုန်းက တစ်ပတ်နှစ်ပတ်အတွင်းမှာဘဲ အဲ့လိုမျိုးကြားယောင်တယ်။ ဒါပေမဲ့ကြာလာတော့ သေချာပြန်စဉ်းစားကြည့်တော့ သူကိုယ့်ကို အားပေးတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ကိုယ်လုပ်လိုက်တဲ့ဟာက သူအားပေးတဲ့ဟာနဲ့မှားနေတတ်တယ်။ အဲ့ဒီအရာကို ကျနော်ဂရုမစိုက်တော့ဘူးဆိုပြီးတော့ ကျနော်စိတ်ထဲမှာ ဖြတ်ချလိုက်တယ်။ ဖြတ်ချလိုက်ပြီးတဲ့အချိန်မှာ ဘာစသိရလည်းဆိုတော့ ကိုယ်သူ့ကို ဂရုမစိုက်ရင် သူလည်းကိုယ့်ကို ဂရုမစိုက်တော့ဘူး။ သူလည်းကိုယ့်ကိုလာပြီးတော့ ပြန်ကြားယောင်တာတွေလည်း မရှိတော့ဘူးပေါ့နော်။ နည်းလာတယ်။
မေး – မူးယစ်ဆေးသုံးစွဲခြင်းကို ဖြတ်လိုက်ပြီးတဲ့နောက် လူမှုပတ်ဝန်းကျင်က ဆက်ဆံပုံတွေ ပြောင်းလဲမှုဘယ်လိုရှိပါသလဲ။
ဖြေ – ဖြတ်ပြီးသွားတဲ့နောက်ပိုင်းမှာ ကိုယ့်ကို ချစ်သူခင်သူတွေလည်း များလာတယ်။ ဉပမာ ကိုယ့်ကို သိတဲ့သူငယ်ချင်းတွေ ဆိုလို့ရှိရင်လည်း “အော်ဒီကောင် လုပ်နိုင်သွားပြီးဘဲ” ဆိုပြီးတော့မှ ကိုယ့်ကိုတစ်ခါမှ အထင်မကြီးခဲ့တဲ့ သူတွေကလည်း “ဟာ ဒီကောင်လုပ်နိုင်သွားပြီဘဲ” ဆိုတဲ့အနေအထား တစ်ခုနဲ့ ကိုယ်ကိုပြန်ပြီး ချီးမြှောက်တာတွေလည်းရှိတယ်။ ပြောင်းလဲသွားတာ အများကြီးရှိတယ်ပေါ့နော်။ အမေဆိုလို့ရှိရင်လည်း အတတ်နိုင်ဆုံး အရင်တုန်းကဆိုလို့ရှိရင် ကိုယ်တောင်းရင်တောင်မှ ငြင်းတဲ့အမေပေါ့နော်။ ဒါပေမဲ့အခု ကိုယ်မတောင်း တော့ရင်တောင်မှ နွေရာသီကျလို့ရှိရင် အင်္ကျီဝယ်ပေးတာမျိုးတို့၊ ဖိနပ်ဟောင်းနေတာတွေ့ပြီး ဖိနပ်အသစ်ဝယ်ပေးတာမျိုးတို့၊ အဲ့လိုမျိုး အဝတ်အစားတွေ ပျောက်သွားတာတို့၊ ပြဲသွားတာတို့ ရှိသွားရင်လည်း အသစ်ပြန်ဝယ်ပေးတာမျိုးတို့ အဲ့လိုမျိုး။ နောက်ကျနော်သိလိုက်ရတဲ့အရာတစ်ခုက ကိုယ်မူးယစ်ဆေးမသုံးရင် ကိုယ့်ကိုချစ်ပါလား။ ကိုယ်သုံးနေလို့ဘဲ ကိုယ့်ကို မချစ်ကြတာပေါ့နော်။ ဆိုတော့ အဲ့အတွေးက အဲ့လိုဘဲပြောရမှာပေါ့။
မေး – လူငယ်တွေကို မူးယစ်ဆေးဝါး သုံးစွဲခြင်းနဲ့ ပက်သက်ပြီး မည်သည့်သတင်း စကားတွေ ပါးချင်ပါသလဲ။
ဖြေ – ကျနော်မူးယစ်ဆေးဖြတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ အရိုးနဲ့အရေက အရင်အတိုင်း ပြန်ဖြစ်လာတယ်။ လူကောင်ကြည့်ရင်တော့ အားတော့အဲ့လောက်အထိ မရှိဘူး။ ဒါပေမဲ့ ကိုယ်အရင်တုန်းက သောက်သုံးထားတဲ့အချိန်နဲ့ မသောက်သုံးထားတဲ့အချိန်နဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ ဘာကွာသွားလည်းဆိုရင်တော့ ကိုယ်စိတ်ပါရင် လုပ်ချင်လို့ရှိရင် ရအောင်လုပ်ကြံတဲ့အကျင့်က ရှိတဲ့အခါကျတော့ မူးယစ်ဆေးဝါး မသုံးလို့ရှိရင် ပိုပြီးတော့မှလုပ်နိုင်တယ်လို့ ခံစားရတယ်ပေါ့နော်။ ဟိုတုန်းက အလုပ်ကို စိတ်ပါရင်စိတ်ပါသလို လုပ်နိုင်တယ်။ မူးယစ်ဆေးဝါးသုံးလိုက်ရင် အဲ့လိုမျိုး စိတ်ပါနေပေမဲ့ ကြမ်းနေပေမဲ့ ကိုယ့်အားက အဲ့လောက်မခံနိုင်တော့ဘူး။ ခန္တာကိုယ်ကပျော့နေပြီ။ အဲ့လိုမျိုးတွေရှိတယ်။ ကိုယ့်ကိုယ်ကို သိရတယ်။ နောက်ပြီးတော့ ဒီလူငယ်တွေကို ဘယ်လိုအားပေးချင်လည်းဆိုတော့ ကိုယ့်အတွက်က ကိုယ်ဘဲရှိတယ်။ ကိုယ့်ကိုယ်ကို ချစ်မှသာလျှင် အခြားသူကလည်း ကိုယ့်ကိုချစ်လာမယ်။ ရိုသေလာမယ်။ လေးစားလာမယ်ပေါ့နော်။ ဒီအရာတွေကြောင့်မို့လို့ ဘာပြောချင်လည်းဆိုတော့ အဆိုးနဲ့အကောင်းနဲ့ကလည်း ဒွန်တွဲနေတာဘဲ။ လူငယ်မို့လို့ကတော့ မှားတော့ မှားတတ်တာဘဲ။ အဲ့ဒီအမှားကို သိလျှက်နဲ့ ဆက်လုပ်နေမယ်ဆိုရင်တော့ အဆင်ပြေမနေဘူး။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်မှာမဟုတ်ဘူးပေါ့။