Home သတင်း ကော့နွဲကျေးရွာတံတား ဒုတိယအကြိမ်ဖောက်ခွဲဖျက်စီးခံရသဖြင့် လုံးဝပြိုကျပျက်စီးသွား

ကော့နွဲကျေးရွာတံတား ဒုတိယအကြိမ်ဖောက်ခွဲဖျက်စီးခံရသဖြင့် လုံးဝပြိုကျပျက်စီးသွား

955

ဒီဇင်ဘာလ၁၇ရက်၊ ၂၀၂၃ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် ကော့ကရိတ်-မြဝတီအာရှကုန်သွယ်ရေးလမ်းပေါ်ရှိ ကော့နွဲကျေးရွာ တံတားတစ်စင်းကို ယမန်နေ့ည ၇နာရီခွဲအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲက ဖောက်ခွဲဖျက်ဆီး လိုက် သဖြင့် ပြိုကျပျက်စီးသွားကြောင်း ဒေသခံ များကပြောသည်။

အဆိုပါ ကော့နွဲကျေးရွာတံတားကို ပထမအကြိမ်ဖောက်ခွဲဖျက်ဆီးမှုတွင် အလုံးစုံပျက်စီးသွားခြင်းမရှိသော် လည်း ယခုတစ်ကြိမ်ဖောက်ခွဲဖျက်ဆီးလိုက်မှုတွင် အလုံးစုံပျက်စီး၍ လုံးဝအသွားအလာပြုလုပ်၍မရတော့ ကြောင်းဒေသခံများကပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ‘‘ပထမ တစ်ကြိမ်ဖောက်ခွဲဖျက်ဆီးတာ အကုန်လုံးမပျက်စီး သေးဘူ။ မနေ့ညက တစ်ခါထပ်ပြီး ဖောက်ခွဲဖျက်ဆီးလိုက်တော့ အကုန်လုံးပြိုကျပျက်စီးသွားတယ်။ ကားတွေ လုံးဝသွားလာလိုမရတော့ဘူ” ဟု ကေအိုင်စီ သို့ပြောသည်။

ယခုဖြစ်စဉ်သည် စစ်ကောင်စီတပ်သွားလာအသုံးပြုပြီး အထောက်အကူပြုနေသည့်လမ်းတံတားများကို ဖြိုချ ဖျက်ဆီး ခြင်းသာ ဖြစ်ပြီး စစ်ကောင်စီတပ်ကို ဘက်ပေါင်းစုံမှဖြတ်တောက်မှုများလုပ်ဆောင်ရမည် ဖြစ်ကြောင်း ကော့ကရိတ်မြို့ နယ်ရှိ တော်လှန်ရေးအင်းအားစု နှင့် နီးစပ်သူများကပြောသည်။

အလားတူ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားမှုရှိနသေးသ ဖြင့် ကော့က ရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းကို သွားလာ၍မရတော့ဘဲ အရပ်သား ပြည်သူများသည် မြို့ ပတ်လမ်းဖြစ်သည့် ထို့ကော်ကိုးလမ်းကို ပြောင်းလဲအသုံးပြု သွားလာနေကြကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့ကို ထိန်းချုပ်နိုင်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင် သည့် တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ရက်နေ့မှ ယနေ့ အချိန်ထိ မြို့တွင်း တိုက်ပွဲ ဖော်ဆောင်နေဆဲဖြစ်ပြီး နှစ်ဖက် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း အဆိုပါ ကော့နွဲ တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတား လုံးဝပျက်စီးခြင်းမရှိခဲ့ဘဲ ယခု ဒုတိယအကြိမ် မိုင်းခွဲ ဖျက်ဆီးမှုတွင် အလုံးစုံ ပျက်စီးသွားခြင်းဖြစ်ကာ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ကြောင်းထုတ်ပြန်ထားခြင်းမရှိသေးသလို လက်ရှိတွင်လည်း သွားလာရေး လုံးဝတ် ပြတ်တောက်သွားပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။