နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄)နယ်မြေအတွင်းရှိ ကော်သူးလေအာမီ-KTLA တပ်စခန်း ၆ ခုကို အောက်တိုဘာလတစ်လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မှ ရှင်းလင်းခဲ့ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။
ထားဝယ်မြို့နယ်အတွင်းရှိ KNLA တပ်ရင်း (၁၀) နှင့်တပ်ရင်း (၁၂) ထိန်းချုပ်ရာ ထိုင်း-မြန်မာ နယ်စပ် ဒေသတွင် အခြေချလှုပ်ရှားနေသည့် KTLA တပ်စခန်း(၆)ခုကို ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း KNU ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ယခုလိုပြောသည်။
“ဒီတစ်လအတွင်းမှာဆို တပ်ရင်း(၁၂)က နှစ်နေရာ၊ တပ်ရင်း(၁၀)နယ်စပ်က တစ်နေရာ၊ နယ်စပ်ဗော သီနေရာက တပ်စခန်း သုံးခု။ စုစုပေါင်းတပ်စခန်း(၆)ခု ရှင်းလင်းခဲ့တယ် တစ်လအတွင်း။”ဟု ပဒို စောအယ်နာက ကေအိုင်စီ သို့ပြောသည်။
ယခုလို ကော်သူးလေအာမီ-KTLA တပ်စခန်း ၆ ခုရှင်းလင်းခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး KTLA ဘက်ကလည်း အတည်ပြုပြောဆိုပြီး အရှင်းလင်းခံခဲ့ရသည့် စခန်းများမှာ စခန်းငယ်များသာဖြစ်ကြောင်း KTLA ဘက်က ပြန်လည် တုန့်ပြန်ပြောဆိုသည်။
အမည်မဖော်လိုသူ KTLA တာဝန်ရှိသူတစ်ဦးက “ဟုတ်တယ်စခန်း ၆ ခုလောက် သိမ်းခံထိတယ်။ အဲ့ဒီ စခန်းတွေကတော့ စခန်းငယ်တွေဖြစ်တယ်။ ဆန်တွေ ရိက္ခာတွေထားတဲ့နေရာ။ ပြည်သူတွေ ကူညီပြီး ရိက္ခာလာပို့ပေးတဲ့ နေရာတွေပဲ။”ဟု ကေအိုင်စီ သို့ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း KNLA တပ်ရင်း (၁၀)နယ်မြေထဲရှိ ကရင်အခေါ် (ဖွေးဖိုး ကလား) နေရာရှိ KNLA စစ်ဆေးရေးဂိတ်တစ်ခုကို ကော်သူးလေအာမီ (KTLA)တပ်ဖွဲ့ဘက်က သွားရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။
ယခုနှစ် နှစ်ဆန်းပိုင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း KNLA နှင့် KTLA အကြား နှစ်ဖက်တိုက်ပွဲများ၊ ကြားဖြတ်ပစ်ခတ်မှုတချို့ရှိခဲ့ပြီး အဆိုပါပစ်ခတ်မှုများတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း မြေမြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ကရင်လက်နက်ကိုင်အချင်းချင်းကြားဖြစ်ပွားနေသည့် ပဋိပက္ခများကို တွေ့ဆုံညှိနှိုင်းကြန်ရန် ဒေသခံ က ရင်အရပ်ဖက်အဖွဲ့ အစည်းများနှင့် ကရင်တိုင်းရင်းသားအဖွဲ့များက ထုတ်ပြန်တောင်းဆို မှုများပြုလုပ်ခဲ့သေးသည်။



















