Home သတင်း မြဝတီ-ကော့ကရိတ်-ဖားအံလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

မြဝတီ-ကော့ကရိတ်-ဖားအံလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

1255

အောက်တိုဘာ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်-ဖားအံလမ်းပိုင်းတစ်လျှောက်ရှိ လမ်းတံတားများ၊ မြို့ဝင်မြို့ ထွက်နှင့် အာရှလမ်းမကြီးတစ်လျှောက် စစ်တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ဌာနဆိုင်ရာရုံးများသို့ ဖားအံမြို့အခြေစိုက် တပ်မ ‌၂၂ မှ စစ်ကောင်စီ စစ်ကူစစ်ကြောင်းများ နေ့စဉ်စစ်ကူနှင့် ခဲယမ်း ဖြည့်တင်းသည့် ယာဉ်တန်းများ ပို့ဆောင်မှု များပြုလုပ်နေကြောင်း စစ်တပ်နှင့်နီးစပ်သည့် သတင်း အရင်းအမြစ်ထံမှ သိရသည်။

“ဖားအံ ၂၂ တပ်မ တောင်ကလေး စစ်တပ်ဝင်းတွေထဲကို ညနေဆို စစ်တပ်ကားတွေ ဝင်လာတယ်။ နောက်ရက်ဆိုရင် လှိုင်းဘွဲဘက်၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီဘက်တွေ ယာဉ်တန်းတွေမှာ ဆီပေပါ ကားတွေ၊ အလုံပိတ်ကားတွေ၊ ပွိုင့်ကားတွေနဲ့ ပြန်ထွက်သွားတယ်။ ယာဉ်တန်းတစ်ခုကို ကားကြီး ၄ စီး၊ ၅ စီးမှာတော့ စစ်သားက တစ်ရာနီးပါးပါတယ်။ ကျုံဒိုး စစ်တပ်မှာ တဖြတ်ဝင်နားတယ်။ နောက်ရက် တစ်ခါ ကော့ကရိတ်၊ တောင်ကြာအင်းဘက်၊ မြဝတီဘက် ဆက်တက်တာ လည်းရှိတယ်”ဟု ဖားအံ တပ်မ ၂၂ အနီးနေထိုင်သည့် စစ်ရေးသတင်းအရင်းမြစ်က ကေအိုင်စီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း မြဝတီမြို့ ဘက်တွင် စစ်တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်း များ ထွက်ပေါ်နေသည့်အတွက် ယခုလို အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေခြင်းဖြစ်ပြီး ဒေသ အတွင်း နေထိုင်သူများနှင့် ကုန်သည်၊ ကုန်ကားသမားများ ၎င်းတို့၏ ယာဉ်နှင့် ကုန်များအား နေရာ ပြောင်းရွှေ့နေကြကြောင်းလည်း ကုန်ကားယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းယာဉ်မောင်းက “မြဝတီဝင်တိုက်ခံရမယ်သတင်းကြောင့် အခုကားကြီးသမားတွေ၊ ကားတွေ မြဝတီမှာ မထားတော့ဘူး။ အောက်ပြန်မောင်းဆင်းကုန်ပြီး။ ကုန်တင်ဆင်းတဲ့ တွဲကားတွေ လောက် ပဲဂိတ်ထဲမှာ ပစ္စည်းတင်တာရှိတယ်။ အရင်ကလို ကားဝင်းခြံတွေ၊ ဂိတ်ဝင်းတွေထဲ ကားကြီးတွေ လာမ ထားကြတော့ဘူး။ မီးရှို့ခံရတာ၊ တိုက်ပွဲထဲမှာ ပျက်စီးသွားမှာ ကြောက်ကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမည်ဟု သတင်းများထွက်ပေါ်နေသည့် မြဝတီ မြို့တွင် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှု၊ လူသတ်လုယက်မှုများ ပြီးခဲ့သည့် ၃ လအတွင်း ၇ မှုခန့်ရှိခဲ့ပြီးနောက် မြို့ခံ စစ်တပ်နှင့် ပူးပေါင်းထားသူများ လက်နက်ပေါ်ပေါ်တင်တင်ဝယ်ယူကိုင်ဆောင်သွားလာမှုများ မြင့်တက် လာနေကြောင်း မြဝတီမြို့ခံတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

၎င်းက “မြဝတီမှာ မနက်လက်ဖက်ရည်ဆိုင်ထိုင်ရင် လာစားကြသောက်ကြတဲ့သူတွေ အများအားဖြင့် သေနတ်ခါးထိုးလာတာ။ စားပွဲပေါ်သေနတ်တင်ပြီး စားကြသောက်ကြတာ။ လက်နက်ကိုင်အဖွဲ့တွေ နဲ့ လာစားသောက်ကြတာ ပိုများလာတယ်။ လိုင်စင်နဲ့ ဝယ်ကိုင်တာ ရှိသလို အဖွဲ့ အစည်းဝင်ပြီး ကိုင်နေ တာလည်းရှိတယ်။ တချို့က ပျူစောထီး၊ ပြည်သူ့စစ်၊ စစ်တပ်သတင်းပေးလုပ်တဲ့သူတွေလည်း ရိုင်ဖယ် သေနတ်အရှည်တွေပါ ကိုင်ပြီး သွားလာနေကြတာများလာတယ်” ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း ယခု နိုဝင်ဘာလဆန်းအတွင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် မဟာမိတ် ပူးပေါင်းတပ်များ နေရာစုံတိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

သို့သော်လည်း မြဝတီမြို့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ တရားမဝင်ကာစီနိုအွန်လိုင်း လောင်း ကစားနှင့် ကျားဖျန့် ငွေလိမ်လောင်းကစားနေရာများဘက်တွက်မူ စစ်တပ်နှင့်နှစ်ဖက် တိုက်ပွဲများ မရှိသလို အဆိုပါ တရားမဝင်လုပ်ဆောင်သူများကိုလည်း ဖမ်းဆီးမှုမရှိသေးကြောင်း မြဝတီမြို့ခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။