Home သတင်း စစ်ကောင်စီစစ်ကြောင်းထိုး၍ ကျေးရွာ ၁၄ ရွာမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီစစ်ကြောင်းထိုး၍ ကျေးရွာ ၁၄ ရွာမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

739
Photo: Crd.

နိုဝင်ဘာလ ၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီးထူ (ညောင်လေးပင်) ခရိုင်၊ မုန်းမြို့နယ်အတွင်း သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ (၁၄) ရွာမှ ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကရင်အရေးပေါ် ကူညီကယ် ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၃၄၉) (ရွှေကျင်)နှင့် ခြေလျင်တပ်ရင်း(ခလရ-၂၆၄) (ပိန်းဇလုပ်) ပူးပေါင်း တပ်ရင်းတပ်ဖွဲ့ဝင်များသည် ပြီခဲ့သည့် အောက်တိုဘာလ (၃၀) ရက်မှ စတင်ပြီး ပဲနွယ်ကုန်းမှ တဆင့် မုန်းမြို့ နယ်အတွင်းသို့ ယနေ့အချိန်ထိ တောက်လျှောက်စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ (၁၄)ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦး က ယခုလိုပြောသည်။

၎င်းက “စစ်တပ်က ရုတ်တရက်ဝင်လာတော့ ဘောင်းဘီတစ်ထည်၊ အင်္ကျီတစ်ထည်တည်းနဲ့ပဲထွက်ပြေးခဲ့ ရ တယ်။ တချို့တွေကျတော့လည်း မြို့ပေါ်ကို ပြေးကြတယ်။ စစ်ကြောင်းထိုးချိန် လက်နက်ကြီးတွေနဲ့လည်း ပစ် တယ်။ ပျဉ်းမပင်ရွာက ကလေးမတစ်ယောက်ဆို လက်နက်ကြီးထိပြီး ခြေထောက်ပြတ်ပြီး ဆုံးသွားတယ်။ အခု လက်ရှိမှာကတော့ စားသောက်စရာတွေကရှိပေမဲ့ ဒီစစ်ဘေးရှောင်ထောင်နဲ့ ချီတဲ့အတွက်တော့ ရိက္ခာမလုံ လောက်တဲ့ အခြေနေတွေရှိနေတယ်။ စစ်ရှောင်က တစ်ရက်ထက်တစ်ရက်တိုးလာတယ်။ မနေ့ကအထိကို ငါး ထောင်ကျော်ရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထိုသို့ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် စစ်ကြောင်းထိုးရာ ဒေသများရှိ ရေလဲ(အနောက်ဘက်ကမ်း)၊ သောင် ကြီး၊ ကျီးပင်ပေါက်၊ ရေလဲ(ဗမာ)၊ ဝက်တူး၊ သင်္ကန်းပင်၊ ပျဉ်းမပင်၊ ဥသျှစ်ကုန်း၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ ကင်မွန်းခြုံ၊ ဝက်တူး(အနောက်)၊ ပျဉ်းမပင်၊ ကွေ့တန်းရှည် စသည့်ကျေးရွာများမှ လူဦးရေစုစုပေါင်း (၇,၈၆၀)ဦး ခန့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာများအတွင်းသို့ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှု များနှင့် လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဒေသခံများ အနေဖြင့် မကြာခဏ ထွက်ပြေးတိမ်းရှောင် နေကြရသောကြောင့် ကျေးရွာရှိ ကလေးသူငယ်များအနေဖြင့်လည်း ပညာရေး မသင်ကြားနိုင်သည့် အခက် အခဲများလည်း ကြုံတွေ့ နေရကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

“အခုလို စစ်တပ်က မကြာခဏဝင်တော့ ကလေးကျောင်းတွေဆို တစ်နှစ်မှာတစ်ပတ်၊ နှစ်ပတ်၊ တစ်လ အဲ့ လောက်ပဲတက်ဖြစ်တယ်။ အဲ့တော့ ငယ်ငယ် ရွယ်ရွယ် နဲ့ ပညာသင်ရမဲ့အချိန်မှာ အခုလိုတွေ ပြေးနေရတယ်။ ကလေးသူငယ်အများစုက စစ်တပ်ရဲ့ လူ့အခွင့်ရေးချိုး ဖောက်မှုတွေကို ခံကြရတယ်။” ဟု ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်က ဆက်ပြောသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း တော်လှန်ရေးပူးပေါင်းတပ်များ စစ်ရေးဖော်ဆောင်မှု အရှိန်မြှင့်လာနေသလို စစ်ကောင်စီတပ်ဘက်ကလည်း စစ်ဆင်ရေးအရှိန်မြှင့် တိုက်ခိုက်မှု၊ လက်နက်ကြီး နေ့စဉ် ပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်ဗုံးကြဲမှု၊ ကင်ထောက်ယာဉ်ပျံသန်းမှု၊ ကရင်နယ်ခြား စောင်တပ် (BGF) ဘက်မှ စစ်ကူအင်အား၊ လက်နက်ခဲယမ်းအင်အားဖြည့်တင်း ပို့ဆောင်ပေးမှုများနေစဉ် လုပ်ဆောင် ပေးနေကြောင်း နယ်မြေခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများအတွင်း နှစ် ဖက်တိုက်ပွဲများကြောင့် ဒေသခံများသွားလာ ရေးခက်ခဲနေပြီး ကျေးရွာနှင့် ရပ်ကွက်များကို စွန်ခွာ၍ ဖားအံ၊ မော်လမြိုင်၊ ရန်ကုန်မြို့ များနှင့် ထိုင်း-မြန်မာနယ်စပ် ကျေးနယ်များဘက်သို့ နေရပ်ရွှေ့ပြောင်းနေထိုင်မှု ပိုများ လာနေကြောင်းလည်း စစ်ဘေးရှောင် အကူအညီပေး နေသူများကဆိုသည်။