နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင် ဖွင့်လှစ် ထားသည့် ကရင်ပညာရေးကောလိပ် (KTTC) ကျောင်းအနီး စစ်ကောင်စီတပ်ဝင်ရောက် တပ်စွဲမှုကြောင့် ကောလိပ်ကျောင်းကို ယာယီပိတ်ထားရကြောင်း နယ်မြေခံပညာရေးတာဝန်သူများက ပြောသည်။
အဆိုပါ ကောလိပ်ကျောင်းအနီးတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးလှုပ်ရှားဝင် ရောက်မှုနှင့် ဂိတ်စခန်းနေရာများချထားလာမှုတို့ကြောင့် ယာယီကျောင်းပိတ်ထားရပြီး ကောလိပ်ကျောင်းသူ/ ကျောင်းသားများနှင့် ဆရာ/ဆရာမများအားလုံး တိမ်းရှောင်နေရကြောင်း ကော့ကရိတ်မြို့နယ် ကရင့် ပညာရေးတာဝန်ရှိသူ စောဟဲခုက ယခုလို ပြောသည်။
၎င်းက “စစ်ကောင်စီတပ်က KTTC ကျောင်းအနီးက တောင်ကုန်းပေါ်မှာပဲ နေရာလာရောက်ရှင်းလင်းပြီး တပ်ချထားတယ်။ အရင်ကစစ်ဆေးတဲ့ တပ်စခန်းက နည်းနည်းဝေးတယ်။ အခုစခန်းသစ်လာရှင်း လင်းတဲ့နေရာကကျောင်းနဲ့နီးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် KTTC ကျောင်း ယာယီပိတ်ထားရပြီးနောက် ကျောင်းသူ/ ကျောင်းသားများနှင့် ဆရာ/ဆရာ မများအားလုံး နီးစပ်ရာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယာယီထွက်ပြေးတိမ်းရှောင်ရကြောင်းလည်း စောဟဲခုက ဆက်လက်ပြောဆိုသည်။
“တိုက်ပွဲဖြစ်ရင်လည်းမလွယ်ဘူး။ စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်လည်းထိမယ်။ ဒါကြောင့်နေ လို့မရဲလို့ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ရတယ်။ ကျောင်းမှာလူမရှိတော့ ကျောင်းကို ပြန်ကြည့်တဲ့ တစ်ယောက် တစ်လေပဲရှိတယ်”ဟု ထိုကျောင်းတာဝန်ရှိသူက ဖြည့်စွက်ပြောသည်။
အဆိုပါ ကောလိပ်ပညာရေး ကျောင်းသူ/ကျောင်းသားများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့ ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျောင်းကို မည်သည့်အချိန်မှ ပြန်လည်ဖွင့်လှစ်ပေးနိုင်မည်ကို မပြောနိုင်သေးကြောင်း ကောလိပ်ကျောင်းသားများက ပြောသည်။
ကရင်ကျောင်းဆရာ/ဆရာမများကို လေ့ကျင့်မွေးထုတ်သင်ကြားပေးနေသည့် အဆိုပါ (KTTC) ကောလိပ်ကျောင်းသည် ယခင်က နို့ဖိုးဒုက္ခသည်စခန်းမှ ၂၀၁၅ ခုနှစ်တွင် ကော့ကရိတ်တောင်ပိုင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ ယခုနှစ်စာသင်နှစ်ကို ပြီးခဲ့သည့် ဇွန်လကစတင်ဖွင့်လှစ်ခဲ့ကာ စာသင်နှစ် ၆ လဝန်းကျင်သာရှိသေးကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။
အဆိုပါ ကော့ကရိတ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများသည် ၎င်းတို့နှင့်နီးသည့်နေရာများကို အမြဲလိုလို လက်နက်ကြီးပစ်ခတ်လေ့ရှိပြီး ယခုအချိန်ထိပစ်ခတ်မှုများ လုပ်ဆောင်နေသေးကြောင်း ဒေသခံများက ပြောသည်။



















