နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ဖာအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခု နိုဝင်ဘာလ ရာသီကူးပြောင်းကာလတွင် ကလေးသူငယ်များ မျက်စိနာ၊ ချောင်းဆိုးပြီး ဖျားနာသူများပြားနေကြောင်း ဒေသခံများက ပြောသည်။
ရာသီအကူးအပြောင်းကာလဖြစ်၍ ကျေးရွာဒေသများတွင် ကလေးသူငယ်များအကြား မျက်စိနာ ဖျားနာသူများလာပြီး လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများအထိ ကူးစက်ဖြစ်ပွားမှုများရှိနေသည် ဟု ဒေသတွင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“အခုဖျားနာတာက ကလေးကစပြီးဖြစ်တာ လူကြီးရောအကုန်ပဲ။ ခုရွာထဲမှာဆို ဖျားနေကြတာ အများကြီးပဲ။ ပါးစပ်လည်းပျက်ကြတယ်။ ဖျားပြီးဆိုရင်လည်း ပျောက်ဖို့က အကြာကြီးပဲ။ ဆေးပဲပေးသောက်ထားတယ်” ဟု ၎င်းကျန်းမာရေး တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။
ယခုလို ကျေးရွာအတွင်း မျက်စိနာ၊ ချောင်းဆိုးကာ ဖျားနာသူများပြားနေပြီး ရောဂါကူးစက်မှုလည်း မြန်ဆန် နေသောကြောင့် ဒေသခံများအကြား စိုးရိမ်မှုများရှိနေကြောင်း ထီးဝါးခိုကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။
၎င်းက“အစက မျက်စိနာတာကနေ ကူးစက်တယ်။ ပြီးတော့ ခုဖျားနာတာတွေက နေကူးစက်ပြန်တယ်။ တစ်ယောက်ပြီးတစ်ယောက်ပဲ။ တစ်ယောက်ဖျားပြီးဆိုရင် နောက်ထပ်တစ် ယောက်ပြီးတစ်ယောက် ဖျားနာလာရော။ အဓိကက အအေးမိတယ်လို့ ထင်တယ်။ ဖျားပြီးဆိုရင် ကျောပြင်ရော၊ ခြေထောက်ရော ခန္ဓာကိုယ်တစ်ခုလုံးကိုက်ခဲနေတာ” ဟု ပြောသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာဒေသအများစုသည် တောင်ခြေအနီးတဝိုက်တွင် တည်ရှိနေပြီး ဆောင်းရာသီ အကူးအပြောင်းရောက်ချိန်၌ အအေးဓာတ်များ၍ နှာစေး၊ ချောင်းဆိုးခြင်းနှင့် ဖျားနာခြင်းရောဂါများကိုပါ ခံစားနေရသည်ဟု ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လတုန်းကလည်း ပိုင်ကျုံမြို့နယ်တွင် ဒေသခံကျောင်းသား/ကျောင်းသူများ နေမ ကောင်းဖျားနာမှု အဖြစ်များသောကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရသည့် ဖြစ်စဥ်မျိုးရှိခဲ့သည်။



















