နိုဝင်ဘာလ၂၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာရှင်မှ မတရားပြောင်းလဲခေါ်ဆို အသုံးပြုခဲ့သည့် “ကယားပြည်နယ်” ဟူသော အသုံးအနှုန်းကို လက်မခံ နိုင်ကြောင်းနှင့် သတင်းမီဒီယာများ၊ သက်ဆိုင်ရာ အင်အားစုများ အနေဖြင့် “ကရင်နီပြည်နယ်”ဟု ပြောင်းလဲ ခေါ်ဆိုသုံးနှုန်းရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council-KSCC) က နိုဝင်ဘာလ၂၃ရက်၊ ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
ကရင်နီပြည်နယ်ကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ ဗြိတိသျှအစိုးရထံမှ ဗမာပြည်လွတ်လပ်ရေးရယူပြီး နောက်ပိုင်း ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) အစိုးရက တိုင်းရင်းသား နယ်မြေများအား ဝင်ရောက်ကျူးကျော်ခဲ့ရာတွင် ကရင်နီပြည်အား ဗမာပြည်၏ အစိတ်အပိုင်းတစ်ခုဖြင့် ပြုလုပ်ခဲ့ပြီး ကယားဟူ၍ ပြောင်းလဲသုံးနှုန်းလိုက်သည့်အပေါ် ယခုလို ပြန်လည် ထုတ်ပြန် အသိပေးခြင်းဖြစ်ကြောင်း KSCC ဥက္ကဌ ဦးအောင်မြင့်ဆန်းက ယခုလိုပြောသည်။
“ကျနော်တို့က ကိုယ့်ပြည်နယ်ကို မတရား အမည်ပြောင်းခံခဲ့ရတာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် လာမဲ့ အနာ ဂတ်မှာ ကျနော်တို့ ကရင်နီမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုတဲ့ ကရင်နီဆိုတဲ့ အမည်နာမကို ပြန်လည် တည်ဆောက်တာဖြစ်တယ်။ ကယားဆိုတာက လူမျိုးစုတစ်စုကိုပဲ ကိုယ်စားပြုနေတာဖြစ်တယ်။ အဲ့ဒီအတွက် ကြောင့်မျိုးနွယ်စုအားလုံးကို ကိုယ်စားပြုနိုင်တဲ့ ကရင်နီဆိုတဲ့ဝေါဟာရကိုနိုင်ငံရေးမှာ အသုံးပြု သွား မှာဖြစ်တယ်။” ဟု ဦးအောင်မြင့်ဆန်းက ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် ကရင်နီပြည်သည် ယခင်အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက သီးခြားလွတ်လပ်သည့် ပြည်တစ် ပြည်ဖြစ်ပြီး ယနေ့ တော်လှန်ရေးကာလကနေ စတင်၍ တန်းတူရေး၊ တရားမျှတရေး နှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိသည့် ကြားကာလ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို သွားရာတွင် ကရင်နီဆိုသည့် အမည်နာမသည် ၎င်းတို့အတွက် အရေးကြီးကြောင်းလည်း ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။

ကရင်နီပြည်ကို ပြီးခဲ့သည့် ၁၉၅၁ ခုနှစ် ပါလီမန်တွင် ယခင်ကရင်နီပြည်နယ်အမည်မှ ကယားပြည်နယ်အဖြစ် ပြောင်လဲသတ်မှတ်ခဲ့ပြီး ၁၉၅၂ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကယားပြည်နယ်နေ့ စတင်ဖြစ်ပေါ်လာခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
၎င်းအပြင် ကရင်နီပြည်နယ်ဟူသော အခေါ်အဝေါ်သည် ကရင်နီအမျိုးသားများအတွက် လွတ်လပ်သည့် သမိုင်း အထောက်အထား ဖြစ်သောကြောင့် စစ်အာဏာရှင်ကို လက်မခံသည့် ကရင်နီအမျိုးသားများအနေဖြင့် ခုခံတော် လှန်ရေးတစ်ရပ်ကို ဆင်နွှဲအသုံးပြုနိုင်ရန် ကရင်နီဆိုသည့် ဝေါဟာရ အသုံးအနှုန်းကို ယနေ့ထိ ကျင့်သုံးခဲ့ ကြောင်းလည်း ထုတ်ပြန်ချက်အတွင်း ရေးသားဖော်ပြထားသည်။



















