နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ နဂါးမောက်ရွာသို့ ပြီးခဲ့သည့် နိုဝင် ဘာလ(၂၇)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်သည့်အတွက် ဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၂)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့က တောင်ငူမြို့နှင့်မိုင်(၁၁)မိုင်ခန့်ကွာဝေးသော သောက်ရေခပ် ဆည်အနီးရှိ နဂါး မောက်ရွာကို စစ်ကောင်စီက အကြောင်းမဲ့လေကြောင်းသုံး တိုက်ခိုက်ခဲ့သဖြင့် ရွာသားတစ်ဦးဒဏ်ရာရရှိပြီး ဒေသခံများနေရပ်စွန့်ခွာနေရချိန်တွင် ယခုလို ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် နနွင်းတူးဖော်ရန် ခြံအတွင်းနေထိုင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကျည်စ ထိမှန်ဒဏ်ရာများရရှိခဲ့သည့်အတွက် တောင်ငူစေတနာ့ဝန်ထမ်းအဖွဲ့တစ်ခုမှ ဆေးကုသမှုခံယူရန် အကူအညီ ပေးခဲ့ရသလို နဂါးမောက်ရွာမှ နေအိမ်(၂)လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“သူတို့က စနွင်း(နနွင်း)တူးဖို့ခြံထဲမှာနေကြတာ ရွာခံတွေက မနက်ပိုင်းဆိုအိမ်မွေးတိရစ္ဆာန် တွေအစာပြန် ကျွေးဖို့ အိမ်ပြန်တယ်။ ညနေဆို မြို့ထဲပြန်လာရှောင်နေတယ်။ တချို့ကလည်း နီးစပ်ရာဆွေမျိုးတွေဆီမှာ တချို့ကလည်း မြို့ထဲမှာနေတယ်။ ဒီရက်ပိုင်း စစ်ရှောင်နေရာတွေကိုလည်း လေယာဥ်ခဏခဏဝဲလို့ နေရတာ လန့်နေရတယ်” ဟု ထိုဒေသခံက ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်များသည် နဂါးမောက်ကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်-PDF များခိုအောင်းနေ သည့်အထင်ဖြင့် ပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သလို ယခုတစ်ကြိမ်တွင်လည်း တိုက်ပွဲမဖြစ်ဘဲလေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း “ဘာမှမဖြစ်ဘဲနဲ့သူတို့(စစ်တပ်)က ဒီတိုင်းပဲပစ်တာ၊ သူတို့က ဒရုန်းအရင်သွားတယ်သွားတော့ တောင်ယာတွေမှာသူများနေတာ ချက်စားပြုတ်စားတာကိုမြင်မှာပေါ့ ။ မီးခိုး ထွက်တာကို မြင်ပြီးတော့ PDF တွေနေတယ်ဆိုပြီး လေယာဥ်နဲ့လာကြဲသွားတာ။ တောထဲမှာလေ ခြံတွေထဲမှာ အဲ့လိုနေတာကို အထင်နဲ့လာပစ်သွားတာ” ဟု ကေအိုင်စီသို့ ပြောသည်။
တောင်ငူမြို့နယ်ရှိကျေးရွာများနှင့် သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ နနွင်းစိုက်ပျိုး လုပ်ကိုင် သူများရှိနေပြီး လာမည့်ဒီဇင်ဘာလအတွင်း နနွင်းစတင်တူးဖော်တော့မည်ဖြစ်သဖြင့် ခြံအတွင်း နေထိုင်လုပ်ကိုင်ကြချိန်တွင် ယခုလိုလေကြောင်း တိုက်ခိုက်မှုများ တွေ့ကြုံနေရခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းပစ်ခတ်မှုမဖြစ်ခင် နိုဝင်ဘာလ(၂၆)ရက်နေ့က တောင်ငူ လေတပ်စခန်းဌာနချုပ်အနီးရှိ ပဒဲကျေးရွာတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ပဒဲကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသေးသည်။
တောင်ငူမြို့ပေါ်တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီကတပ်အင်အား အများအပြားဖြင့် မြို့ပေါ်ရပ်ကွက်များအလိုက် ကင်းပုန်းချထား စစ်ဆေးခြင်း၊ မြို့သို့အဝင်အထွက်သွားလာသူများအား စစ်ဆေးမေးမြန်းခြင်းနှင့် ငွေတောင်းခံမှုများ ပိုမိုလုပ်ဆောင်လာကြောင်း နယ်ခံများ၏ပြောပြချက်အရ သိရသည်။