နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ ရန်ကုန်ရေ တပ်သင်္ဘောကျင်းမှ တပ်ကြပ်ကြီးတစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း မြိတ်ခရိုင်အမှတ် (၁)တပ် ရင်းက နိုဝင်ဘာလ (၂၂)ရက်၊ ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ရေတပ်သင်္ဘောကျင်းမှ တပ်ကြပ်ကြီးသည် ပြီးခဲ့သည့် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ပုလောမြို့နယ်အခြေစိုက်မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းသို့ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ပြီး ၎င်းအား အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ (National Unity Consultative Council-NUCC) နိုင်ငံ့ဝန်ထမ်း(CDM) မူဝါဒနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ဒီလထဲကမှာတော့ အလင်းဝင်လာတဲ့သူတစ်ယောက်ပဲရှိတယ်။ ၂၀၂၂ အောက်တိုဘာမှာ ခလရ(၁၇)က တပ်သားတစ်ယောက်။ ၂၀၂၃ ဧပြီလမှာ တပ်ကြပ်ကြီး တစ်ယောက်ရှိတယ်။ အချင်းချင်း သတ်ဖြတ်ပြီးသွေးမြေကျမယ့် အရေးကို ရှောင်ရှားဖို့ လူတစ်စုရဲ့အသုံးချခံဆက်မလုပ်ပဲ ပြည်သူ့ဘက် အမြန်ဆုံးမျက်နှာမူကြပါ။ ကျနော်တို့ အမြဲတမ်းကြိုဆိုနေပါတယ်။ အန္တရာယ်ကင်းအောင် အတတ်နိုင် ဆုံး ဆောင်ရွက်ပေးပါမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယခုလို လက်နက်ချအလင်းဝင်လာသည့် စစ်သည်များထဲတွင် တော်လှန်ရေးထဲသို့ လက် နက်ကိုင်၍ ပြန်လည်ပူးပေါင်းပါဝင်လာသည့် ရဲဘော်များလည်းရှိကြောင်း ၎င်းက ဆက်ပြောသည်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်မှ ဘက်ပြောင်းခိုလှုံပြီး CDM ပြုလုပ် လာသည့် ရဲနှင့် စစ်သည်စုစုပေါင်း ၂၃၇ ဦးရှိပြီး ၎င်းတို့မှာ ထားဝယ်ခရိုင်တွင် ၉၈ ဦး၊ မြိတ်ခရိုင်တွင် ၁၁၀ ဦးနှင့် ကော့သောင်းခရိုင်တွင် ၃၉ ဦးတို့ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
NUG -အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ထားချက်အရ စစ်အာဏာသိမ်းချိန်မှစ၍ ယခုအချိန်ထိ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ပြုလုပ်လာသည့် ရဲနှင့် စစ်သား စုစုပေါင်း (၁၄,၀၀၀) ကျော်ရှိပြီဟု ဖော်ပြထားသည်။



















