နိုဝင်ဘာ ၂၃ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/ တပ်မဟာ(၇)နယ်မြေအတွင်းရှိ မြို့နယ်များတွင် ယခု ကထိန်ရာသီကာလအတွင်း ကျေးရွာဘုန်းကြီးကျောင်းများ၌ ပြုလုပ်သည့် ကထိန်ပွဲများတွင် အန်ဂလုံ လောင်းကစားဝိုင်းများ လာရောက်လုပ်ကိုင်သူများရှိနေသည်ဟု ဒေသခံများထံမှသိရသည်။
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များတွင် အာဝါဒေးလောင်းကစားဝိုင်းများ မပြုလုပ်ရန် ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီက ယခုနှစ်အစောပိုင်းတွင် စာထုတ်တားမြစ်ထားခြင်းရှိသော်လည်း အခုလို ဘာသာရေးပွဲနှင့် ဆက်စပ်သောနေရာများတွင် တားမြစ်ပိတ်ပင်ရန် အခက်အခဲများရှိနေသည်ဟု နယ်မြေခံတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့တားလို့ အဆင်မပြေဘူး၊ အသိပေးလို့တော့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေး တွေပါရင် ဘုန်းကြီးတွေလည်း ပါလာမယ်။ ရပ်ရွာလူကြီးတွေတို့အများကြီးပဲ ရှုပ်ထွေးကုန်မှာ။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီလောင်းကစားဝိုင်းက ဘာဖြစ်လာနိုင်လဲ။ အသိပညာပေးဖို့ ပိုလိုအပ်လာပြီးထင်တယ်”ဟု ကေအိုင်စီသို့ပြောသည်။
အဆိုပါ အန်ဂလုံလောင်းကစားဝိုင်းပြုလုပ်သူများသည် ကျေးရွာအတွင်း ပြုလုပ်သည့် ဘုံကထိန်ပွဲများရှိရာ ကျေးရွာများတွင် နယ်လှည့်၍ လိုက်လံပြုလုပ်နေကြခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဒေသခံအာဏာပိုင်များက လည်း ဝင်ရောက်တားမြစ်ပိတ်ပင်ခြင်းမျိုးများမရှိကြောင်း ဒေသခံများက ဆိုသည်။
ယခုလို ဘာသာရေးပွဲတော်များတွင် အန်ဂလုံဝိုင်းများ လောင်းကစားဝိုင်းများကိုတွေ့နေရခြင်းကြောင့် တခြား ဘာသာဝင်များ၏ အထင်သေးရာရောက်စေကြောင်း ပိုင်ကျုံဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ဘာသာရေးပွဲတွေမှာ လောင်းကစားဝိုင်းတွေတွေ့ရတာ လုံးဝအဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ ဘာသာရေးပွဲမှာလည်း အန်ဂလုံဝိုင်းပါ၊ နှစ်သစ်ကူးမှာလည်း အန်ဂလုံဝိုင်းပါနဲ့ ဒီလိုပဲဆက် လုပ်နေမယ်ဆိုရင် ကရင်လူငယ်တွေရဲ့ အနာဂတ်က မတွေးရဲစရာပဲ” ဟု ပြောသည်။
ဖားအံခရိုင်အတွင်း လောင်းကစားများပြုလုပ်ခြင်းကို ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီက တရားဝင်တားမြစ်ထားသော်လည်း လောင်းကစား ဝိုင်းပြုလုပ်သူများက အရေးယူပိတ်ပင်၍မရအောင် ဘာသာရေးကို အကြောင်းပြပြီး လုပ်ဆောင်သည်ဟုလည်း ဒေသခံများက ဝေဖန်ပြောဆိုသည်။
အလားတူ ဖားအံခရိုင်တွင် ဘုရားပွဲ၊ ဘုရားထီးတင်ပွဲ၊ ရပ်ရွာရန်ပုံငွေပွဲနှင့် လမ်းတံတား ဆောက်လုပ်ရေး စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ နယ်မြေခံလက်နက်ကိုင်အဖွဲ့ဝင်အချို့နှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။



















