နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့ပေါ်ရပ်ကွက်နှင့် လမ်းမကြီးပေါ်တွင် ယခုရက်ပိုင်း အတွင်း စစ်ကောင်စီတပ်က စစ်ဆေးမှုတင်းကြပ်ကာ ကင်းပုန်းချထားမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောသည်။
တောင်ငူမြို့ ကားလမ်းမပေါ်တွင် ယခုတလော တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်သည် တပ်အင်အားအများအပြား မြို့ပေါ်ရပ်ကွက်များအထိ ကင်းပုန်းချထားပြီး စစ်ဆေးမေးမြန်းမှုများပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ဒီနှစ်ရက်၊ သုံးရက်က တိုက်ပွဲတော့ ငြိမ်နေတယ်။ ဒါပေမဲ့ စစ်တပ်က အရမ်း လှုပ်ရှားတယ်။ စစ်ဆေးတာလည်း တင်းကြပ်တယ်။ မြို့ပေါ်ရပ်ကွက်ထဲမှာ စစ်ဆေး တာတွေ၊ လမ်းမပေါ်မှာ ကင်းထိုင်တာတွေ ဆက်တိုက်လုပ်လာပြီး မနေ့ကရပ်ကွက် ၂၀ မြို့ကြီးလမ်းမှာ အင်အားရာချီရှိနေတယ်”ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
ထို့အပြင် တောင်ငူမြို့သို့ သွားရောက်ဈေးဝယ်ရာတွင်လည်း စစ်ဆေးမေးမြန်းခံရမှု ပိုမိုကြုံတွေ့ရပြီး ငွေညှစ်ခံရသူများလည်းရှိသည်ဟု တောင်ငူမြို့အနီး နေထိုင်သည့် ဒေသခံရွာသားများက ပြောသည်။
တောင်ငူမြို့ ထုံးဘိုရွာသားတစ်ဦးက”မြို့ထဲသွားရင် အမြဲလိုလို စစ်ဆေးခံရတယ်။ ခုတလောတော့ ပိုစစ်ဆေးလာတယ်။ တစ်ခါတစ်လေ စစ်ဆေးမေးမြန်းပြီး ပိုက်ဆံ တောင်းတယ်။ သွားလာရတာ သိပ်တော့အဆင်မပြေဘူး”ဟု ပြောသည်။
အလားတူ တောင်ငူမြို့ပေါ်သို့ စားသောက်ကုန်များ သွားရောက်ဝယ်ယူရာတွင် လည်း စစ်ကောင်စီတပ်မှ ဆန် ၁၀ အိတ်ထက်ပိုပြီးမဝယ်ယူရဟု ကန့်သတ်ထားပြီး ၁၀ အိတ်အထက်ဖြစ်လျှင် ငွေညှစ်ခံရသည့်အပြင် ဆန်အိတ်များပါ သိမ်းဆည်းခံရသည့်အထိရှိကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ရက်နေ့တုန်းကလည်း တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ တောင်ငူမြို့နယ်နဂါးမောက်ကျေးရွာထဲသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ အကြောင်းမဲ့ပစ်ခတ်၍ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များက ပြောသည်။



















