နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တောင်ပိုင်းညီနောင်တပ်ပေါင်းစု- Southern Brothers Army(SBA) အမည်ဖြင့် စစ်ကြောင်းဖွဲ့စည်းလိုက် ကြောင်း နိုဝင်ဘာလ၂၈ ရက် ယမန်နေ့တွင် စစ်ကြောင်းတွင်ပါဝင်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင် ထုတ်ပြန်လိုက်သည်။
တနင်္သာရီမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည့် ကော်သူးလေအာမီ (KTLA)- ထီးစမယ်ယွာတပ်ရင်း တပ်ခွဲ(၃)၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနှင့် People Liberation Army(PLA)တို့ ပူးပေါင်းကာ ပြီးခဲ့သည့် နိုဝင်ဘာလ၂၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း အသစ်ဖွဲ့စည်းလိုက်သည့် (SBA)မှ ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီက ကေအိုင်စီသို့ ပြောသည်။
၎င်းက “စတင်ဖွဲ့စည်းဖြစ်ခဲ့တာကတော့ အခုလက်ရှိမြေပြင်မှာ ပြန့်ကျဲနေတဲ့တော်လှန်ရေး အင်အားစုတွေကို တစ်စုတစ်စည်းထဲဖြစ်ပြီးတော့ ယုံကြည်မှု ပိုမိုခိုင်မာလာအောင် စည်းလုံးမှုပိုပြီး ရလာအောင် လိုအပ်တဲ့ ဖက်ဒရယ်နိုင်ငံတော်ရရှိလာအောင်ဆိုပြီး ကျနော်တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်းပြီးဖွဲ့စည်းဖြစ်ခဲ့တာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ Southern Brothers Army (SBA) အဖွဲ့စတင်ဖွဲ့စည်းသည့်နေ့တွင်လည်း KTLA ထီးစမယ်ယွာတပ်ရင်း မှ တပ်ရင်းမှူး စောလှမြင့်၊ စစ်ကြောင်းမှူး ဗိုလ်ပါးမွေး၊ ဒု-စစ်ကြောင်းမှူး ဗိုလ်သားနီအပြင် (SBA)အဖွဲ့မှ တာဝန်ရှိ သူများဖြစ်သည့် ဗိုလ်စိုင်းညီတို့ကလည်း အမှာစကားပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါ တောင်ပိုင်းညီနောင်တပ်ပေါင်းစု တပ်ဖွဲ့ဝင်အနေဖြင့် စစ်အာဏာရှင်စနစ်ကိုတွန်းလှန်နေသည့် ဒေသ အတွင်းရှိ မဟာမိတ်ညီအစ်ကိုများနှင့်လည်း လက်တွဲသွားမည်ဖြစ်ကြောင်း တောင်ပိုင်းညီနောင် တပ်ပေါင်းစုက ပြောဆိုထားသည်။