Home သတင်း တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးပြတ်လပ်မှုများနှင့် ကြုံနေရ

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးပြတ်လပ်မှုများနှင့် ကြုံနေရ

749
Photo: Crd.

နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ယာယီစစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်(၃,၀၀၀) ကျော်အတွက် ဆေးဝါးပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များကို အနီးကပ်ကူညီ နေသူများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ တမုတ်ချုံး၊ ဗောဓိကမ်းရွာ၊ ဘန်လောရွာနှင့် လယ်တောင်ယာရွာမှ ဒေသခံ (၃,၀၀၀) ကျော်သည် စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မကြာခဏ စစ်ဘေး ရှောင်နေရခြင်းဖြစ်သည်။ လတ်တလောတွင် စစ်ကောင်စီ၏ လမ်းပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ဆေးဝါးသယ်ယူရန် ခက်ခဲလာ၍ အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် ဆေးဝါးပြတ် လပ် သည့်အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း တွဲလက်ညီညီစစ်ဘေးရှောင် ကူညီပေးသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ဆေးဝါးအခက် အခဲတွေကတော့ ဒီလာမယ့် ပွင့်လင်းရာသီထဲလည်း ရောက်လာပြီး။ ပြီးတော့ တောထဲမှာက အေးလာပြီးဆိုတော့ နာမကျန်းတဲ့လူတွေရှိလာတယ်။ အဲ့ဒီအတွက် ဆေးဝါး လိုအပ်ချက်တွေ ရှိလာတယ်။ အရင်ကတော့ လှူတဲ့ လူတွေက အများကြီးရှိတယ်။ အဲ့တော့ ကျနော်တို့လည်း ပြန်လှူနိုင်တယ်။ အခုနောက်ပိုင်း ကျတော့ လှူတဲ့လူတွေ တဖြည်းဖြည်း နည်းလာတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များတွင် လုံခြုံရေးတင်းကြပ်မှုများ ပြုလုပ်ထားပြီး ဒေသခံများကို ဆန်နှင့်ရိက္ခာများကို သယ်ယူခွင့်ပိတ်ထားသောကြောင့် ယခုလာမည့် နိုဝင်ဘာလ တွင်လည်း အဆိုပါ စစ်ဘေးရှောင်များအတွက် ဆန်ပြတ်လပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာ နိုင်ကြောင်းလည်း ၎င်းအဖွဲ့အစည်းမှ တာဝန်ရှိသူက ဆက်ပြောသည်။

ယာယီ ပြေးလွှားနေရသည့် ၎င်းစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ရက်နေ့တွင် တနင်္သာရီမြို့နယ် မော်တုန်းအခြေစိုက်စစ်ကောင်စီအမြှောက်တပ် (အမတ-၃၀၆)က လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ရပြီး ယနေ့အချိန် နေအိမ် မပြန်လာနိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။

Photo: Crd.

အလားတူ ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း ဆေးဝါးပြတ် လပ်မှုများနှင့်ကြုံတွေ့ နေရပြီး စစ်တပ်မှလမ်းများကို ပိတ်ဆို့ထားသောကြောင့် ယခုလအတွင်း စစ်ဘေးရှောင်များကို ရာနှုန်းပြည့် ကူညီထောက်ပံ့မှုများ မပေးနိုင်တော့ကြောင်း အခြားစစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောသည်။

ပုလောမြို့နယ် စစ်ဘေးရှောင်ကူညီသူတစ်ဦးက “မနှစ်က စစ်ရှောင် (၁,၈၀၀)ထိရှိတယ်။ ဒီနှစ် အတွင်းမှာက စစ်ဘေးရှောင် (၂,၈၀၀)ထိ တိုးလာတယ်။ တစ်လတစ်လများလာတယ်။ ပြီးတော့ စစ်တပ်ကလည်း ဖြတ်လေးဖြတ်ပုံစံကို ပိုမိုပေါ်လာအောင်လုပ်လာတယ်။ ရိက္ခာ၊ ဆေးဝါး၊ အင်တာနက် တွေ၊ လမ်းကြောင်းတွေ ဘာမှမရအောင် မီးပါဖျက်ထားတယ်။ အဲ့တော့ ဒီအေးတဲ့ ကာလမှာ စစ်ရှောင်တွေအတွက် အဓိကဆေးဝါးတွေ ပြတ်လပ်လာတယ်။”ဟု ပြောသည်။

တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း အာဏာသိမ်း စစ် ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများအပြင် ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းမှုများကို လုပ်ဆောင်လျက်ရှိနေသောကြောင့် ဒေသခံရွာသားများအနေဖြင့် နေရပ် မပြန်နိုင်ကြသေးဘဲ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။