နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲသည့်နေရာများကို ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စီးနင်းသည့်တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိသည်ဟု သိရသည်။
ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားရာ ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးနေရာများကို ယနေ့နံ နက်ပိုင်းက KNLA မဟာမိတ်ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်စီးနင်းရာတွင် စစ်ကောင်စီဘက်မှ မြေပြင် စစ်ကူအပြင် လေကြောင်းပစ်ကူတိုက်ခိုက်မှုပါလုပ်ဆောင်သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
၎င်းက “ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ရပ်တန့်ဖို့အတွက် စစ်ကောင်စီလက်အောက်ခံရုံးတွေကို သွား တိုက်ခိုက်တာဖြစ်တယ်။ ဒါပေမယ့်အခု သွားတိုက်တဲ့ ရဲစခန်းကအနီးနားပတ်ပတ်လည်မှာ တပ်စခန်း ရှိတယ်။ ပြီးတော့ စစ်ကောင်စီတပ်စခန်းဘက်ကလည်း သူတို့မှာအထိုင်ကျကျရှိပေမယ့်လည်း ကျနော်တို့ ဘက်ကတော့ လုပ်စရာရှိတာလုပ်ရတာပဲ။ တန်တော့မတန်ဘူး၊ ထိခိုက်မှုတွေတော့ရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယနေ့ မြို့ပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေကုပ်နေရာယူထားသည့် ရဲစခန်း၊ ဇမိခန်းမ၊ လဝ ကရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများကို ဝင်ရောက်စီးနင်းရှင်းလင်းနိုင်ခဲ့သလို စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိသည်ဟု တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။
လက်ရှိတွင် ကြာအင်းဆိပ်ကြီးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားလိုက်ပြီဟု ဒေသခံအချို့ ပြောဆိုနေကြသော်လည်း သတင်းအချက်အလက် အတိအကျမရရှိသေး၍ အတည်မပြုနိုင်သေးကြောင်း KNLA အရာရှိတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယနေ့ ကြာအင်းဆိပ်ကြီးမြို့ပေါ် တိုက်ပွဲဖြစ်စဉ်တွင် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ Lion Battalion Commando Special Forces ဒုစစ်ကြောင်းမှူး စောလားဆိုသူ ကျဆုံးပြီး စစ်ကောင်စီဘက်မှလည်း နှစ်ဦး ကျဆုံးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြင့်Telegram ချန်နယ်များတွင် ရေးသားဖော်ပြထားသည်။
ကြာအင်းဆိပ်ကြီးမြို့ရှိ မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဘက်က ၂၀၂၂ခုနှစ်ကတည်းကစတင်၍ မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိသလို စစ်ကောင်စီဘက်မှလည်း လေကြောင်းပစ်ခတ်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခြင်းများ လုပ်ဆောင်သည့်အတွက် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း(ခလရ-၃၂) ၊(ခလရ-၂၈၃)နှင့် (ခလရ-၂၈၄) အခြေချတပ်စွဲထားသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောသည်။
ယခုရက်ပိုင်းအတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်(တပ်မဟာ-၆ နယ်မြေ ) ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခုတ်ခွားစခန်း၊ ကွီလုံတိုင်စခန်းအပြင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီဌာ နဆိုင်ရာရုံးနှင့် မြဝတီမြို့နယ်ရှိ ကနဲလေး စစ်ကောင်စီတပ်စခန်းတို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။



















