Home သတင်း သံတောင်ကြီးရှိ နော်ဘူဘောဆုတောင်းတောင်တွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထား

သံတောင်ကြီးရှိ နော်ဘူဘောဆုတောင်းတောင်တွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထား

1547
Photo: CJ

အောက်တိုဘာ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ် ထားရာ နော်ဘူဘောဆုတောင်းတောင်ပေါ်တွင် ယခုလ အောက်တိုဘာလ(၇) ရက်နေ့မှစ၍ လက်ရှိအချိန်ထိ လက်နက်ကြီး၊ ငယ်များ ယူဆောင်လာသော စစ်ကောင် စီတပ်များ တပ်စွဲနေထိုင်ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင် စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီ တပ် သားများက အထက်အမိန့်ကြောင့်ဟုဆိုကာ စစ်ကြောင်းထွက်၍ လက်နက်ကြီး များပါ ယူဆောင်ပြီး ဆုတောင်းတောင်ပေါ်တွင် တပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောပြသည်။

“အမိန့်ရလို့ ပြောတာပဲ ဒီနေ့အထိတော့ ပြန်မဆင်းသေးဘူး။ လက်နက်ကြီး ပါသယ် သွားတာ ပစ်ရင်လည်းပစ်မှာပေါ့၊ မပစ်ရင်လည်းမပစ်ဘူးပေါ့။ ဒီလို စိတ်ထားပြီး နေရ တာပဲ။ ဘယ်သူမှ သွားမစရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဘုန်းတော်ကြီးတွေက မြို့ပေါ် တော့ သွားမလုပ်ကြနဲ့ဆိုပြီး စစ်တပ်နဲ့ညှိထားတာလည်း ရှိတော့လေ။ အခုကတော့ တောင်ပေါ်က ဆုတောင်းခန်းတွေထဲမှာပဲ နေကြမယ်ထင်တယ်။ ဘယ်နေရာမှ နေစရာမရှိတာ” ဟု ၎င်းက ဆိုသည်။

ထိုသို့ စစ်တပ် တပ်စွဲထားမှုကြောင့် တောင်ပေါ်တောင်အောက် အတက် အဆင်း လုပ်သူ နယ်ခံအချို့ပါ တက်ရောက်ဝံ့ခြင်းမရှိတော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက “အာဏာသိမ်းပြီး ဒီနွေတုန်းကတော့ တောင်ငူတို့ရန်ကုန်တို့က လာတဲ့သူ နည်းနည်းပါးပါးရှိသေးတယ်။ တပ်စွဲထားရင်တော့ ဘယ်သူမှသွားမရဲလောက်ဘူး။ တောင်ပေါ်မှာလည်း သူတို့နေစရာဆိုလို့ ဆုတောင်း ခန်းတို့ ဧည့်သည်တွေ ဘာတွေလာရင် နားဖို့ ခိုဖို့ အခန်းတွေလုပ်ထားပေးတာရှိတော့ နေရင်လည်း နေနိုင်တာပေါ့” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်ရှိ ဆုတောင်းပြည့်သည်ဟု နာမည်ကြီး၍သော်လည်းကောင်း၊ ပတ်ဝန်းကျင်ရှိ သဘာဝ အလှအပများနှင့် တိမ်ပင်လယ်ရှုခင်းကြောင့်သော်လည်းကောင်း ပြည်တွင်းပြည်ပရှိ လူမျိုး၊ ဘာသာပေါင်းစုံ လာရောက်လာပတ်ကြသော နော်ဘူဘောဆု တောင်း တောင်သည် တောင်ငူမြို့နှင့် မိုင်(၃၀)သာ ကွာဝေးသည်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ လေးထောင်ကျော်နှင့် တောင်ခြေမှ တောင် ပေါ်တက်ရာလမ်းတစ်လျှောက် လှေကားထစ် အရှည်ပေါင်း ပေငါးရာကျော် ရှိသည့် နော်ဘူဘောဆုတောင်းတောင်သည် သံတောင်ကြီးမြို့၏အထင်ကရ နေရာတစ်ခု ဖြစ်ပြီး စစ်အာဏာသိမ်းမှု ကာလမတိုင်ခင်က အနယ်နယ်အရပ်မှ လာရောက်လည် ပတ်သူများဖြင့် စည်ကားရာနေရာတစ်ခု ဖြစ်သည်။

အာဏာသိမ်းထားသည့်ကာလတွင် ဒေသအတွင်း ထိတွေ့တိုက်ပွဲများဖြစ် ပွားလာမှု ကြောင့် နော်ဘူဘောတောင်သို့ လာရောက်လည်ပတ်သူ မရှိသလောက် နည်းပါး လာပြီး မြို့အတွင်း အသေးစားပေါက်ကွဲများလည်း ဖြစ်ပွားခဲ့သည်ဟု နယ်ခံများ၏ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း သံတောင်ကြီးမြို့ဟောင်းရှိ ဘုရင့် နောင်စစ်တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီ ဘက်မှထိခိုက်ကျဆုံး မှုရှိခဲ့ပြီးနောက် လက်နက်ကြီး၊ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးမှု ဖြစ်ပွားခဲ့သေးသည်။

ထိုကာလမှ ယခုနှစ်အထိ အဆိုပါ ဘုရင့်နောင်တပ်စခန်းမှ မြို့အနီး နှစ်ဖက်တိုက်ပွဲရာ နေရာများသို့ လက်နက်ကြီးဖြင့်ပစ်ကူပေးခြင်းသာမက ၎င်းတို့သံသယ ရှိသောနေရာ များသို့ပါ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိ ကြောင်း ဒေသခံများက ပြောသည်။