Home သတင်း မြန်မာပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသနှစ်ခုလုံးတွင် တိုက်ပွဲများ ပြင်းထန်နေ

မြန်မာပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသနှစ်ခုလုံးတွင် တိုက်ပွဲများ ပြင်းထန်နေ

1350
Photo: Crd.

အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြန်မာပြည်မြောက်ပိုင်း ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများစတင်ပြင်းထန်လာသလို မြန်မာပြည်တောင်ပိုင်း ကရင်ပြည်နယ်ဘက်တွင်လည်း တော်လှန်ရေးအင်အားစုဘက်မှ မြို့ပေါ်တိုက်ပွဲဖော်ဆောင်နေကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊နှင့် ရက္ခိုင့်တပ်တော်(AA)ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ပူးပေါင်း၍ (Oper ation ၁၀၂၇) စစ်ဆင်ရေးကိုဖော်ဆောင်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ အခြေစိုက် စခန်းများကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှုများ ပြုလုပ်သည့်အတွက် စစ်ကောင်စီဘက်မှ လေကြောင်း ပစ်ကူများအပြင် အတွဲလိုက်ပစ်သည့်လောင်ချာများဖြင့် ပြန်လည်တုန့်ပြန်နေကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်သည်။

မဟာမိတ်အဖွဲ့များ၏ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်အနံ့အပြားရှိ စစ်ကောင်စီနှင့် ပြည်သူ့ စစ်စခန်းများကို ယမန်နေ့ အောက်တို ဘာလ ၂၆ ရက်နေ့ ညက တပြိုင်နက် စတင်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများနေသလို ၎င်းတို့ အခြေစိုက်စခန်းတချို့ကိုလည်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ဘက်က သိမ်းပိုက်ရရှိထားမှုတချို့ရှိကြောင်း ဒေသတွင်း သတင်များ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ (Operation ၁၀၂၇)စစ်ဆင်ရေးဖော်ဆောင်ခြင်းသည် ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည် သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိန်းသိမ်းနိုင်ရေး၊ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအသုံးပြု တိုက်ခိုက်နေခြင်း၊ မြန်မာပြည်သူများလိုလားချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ရေးနှင့် တရုတ်−မြန်မာနယ်စပ်တွင် အွန်လိုင်းလူလိမ်လောင်းကစားလုပ်ငန်း ပပျောက်ရေးအတွက် ညီနောင် ၃ ဖွဲ့ပူးပေါင်းပြီး စစ်ဆင်ရေးဖော်ဆောင်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ရှမ်းပြည်နယ် လားရှိုးမှ ချင်းရွှေဟော်နှင့် လာရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ယနေ့ အောက် တိုဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီအချိန်မှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် MNDAA အဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်၏ စစ်ရေးတပ်ကူအင်အားကိုလည်း ဖြတ်တောက်ခြင်းဖြစ်ကြောင်း MNDAA သတိပေးထုတ်ပြန်ထားသည်။

Photo: Crd.

ထိုသို့ ရှမ်းပြည်နယ်ရှိ ကိုးကန့်၊ လားရှိုး၊ ဝဒေသရှိ နယ်မြေများတွင် နှစ်ဖက်တိုက်ပွဲများကြောင့် လောက် ကိုင်တွင် အလုပ်လုပ်ကိုင်နေကြသူများပိတ်မိနေလျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း များ လည်း ဖြတ်တောက်ခံထားရသည်ဟု လောက်ကိုင်မြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“လောက်ကိုင်အထွက်ကို ပိတ်ထားတယ်။ ဒီမှာအလုပ်လုပ်တဲ့သူတစ်ချို့လည်း ရွာတွေဘက်ကို ဆင်းနေ ကုန်ပြီး။ တိုက်ပွဲကတော်တော်ကြီးတယ်။ အဝင်လည်းမရသလို အထွက်လည်းအကုန်ပိတ်နေတယ်။ မြို့ ထဲမှာတော့ အေးဆေး နေနေကြတုန်းပဲ။ လမ်းတွေကတော့ သွားလို့မရတော့ဘူး။ လောက်ကိုင် လားရှိုးဆင်းတဲ့လမ်းမှာ တိုက်ပွဲဖြစ်နေတာဆိုတော့ ဘယ်လိုမှသွားလာလို့မရဖြစ်နေပြီး”ဟု ၎င်းမြို့ခံက ပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ စတင်ပြင်းထန်လာသကဲ့သို့ မြန်မာပြည်တောင်ပိုင်းရှိ ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင်လည်း တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲပြင်းထန်နေပြီး နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ စစ်စခန်း၊ မြို့အဝင်အထွက် ဂိတ်များကို တော်လှန်ရေး အင်အားစုဘက်က ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ နိုင်ဗညားမွန်က “တောင်ပိုင်းတိုက်ပွဲဖြစ်ပေါ်မှုက အခုမိုးအကုန် ပွင့်လင်းရာသီဖြစ်တဲ့အခါမှာ တိုက်ပွဲက ပိုပြီးတော့များလာတဲ့ အနေအထားမျိုးလို့ ကျနော်သုံး သပ်မိ တယ်။ အရင်ကလည်းဖြစ်နေတယ် ဒါပေမဲ့ အခုကျတော့ပိုများလာတဲ့ အနေအထားမျိုးဖြစ်တယ် ပေါ့နော်။ ဒီမြောက်ပိုင်း ၃ ဖွဲ့ဖြစ်တဲ့ ကိစ္စအခင်းအကျင်းက စကစက နောက်ထပ်စစ် မျက်နှာတစ်ခုကို ထပ်ဖွင့်ရတဲ့အနေ အထားမျိုးဖြစ်သွားမယ်။ နယ်မြေထိန်းချုပ်မှုကလည်း ဒီ ၃ ဖွဲ့က သူတို့နေရာ မှာ ထိန်း ချုပ်ထားနိုင်တဲ့အပေါ်မှာ ဒါထက်ကိုပိုလာမဲ့အနေအထားမျိုးလို့ ကျနော်ထင်တယ်”ဟု သုံးသပ်သည်။

အလားတူ ကော့ကရိတ်မြို့တစ်မြို့လုံးနီးပါးနှင့် ကျေးရွာဒေသများတွင်တော်လှန် ရေးပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ ဘက်မှ လေကြောင်းသုံး တုန့်ပြန်တိုက်ခိုက်သလို တော်လှန်ရေးအင်အားစုဘက်ကလည်း စစ်ကောင်စီ၏ အခြေစိုက်အုပ်ချုပ်ရေး ရုံးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြေပြင်သတင်းအရ သိရသည်။

ကော့ကရိတ်မြို့ခံတစ်ဦးက “ကော့ကရိတ်တစ်မြိုလုံးနီးပါး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စကစ တပ်တွေတိုက်ပွဲဖြစ်နေတယ်။ ဖြစ်တဲ့နေရာတွေက စိန်ကုန်း၊ ရုံးကြီး၊တံတားဦး အဲ့ဘက် တွေမှာဖြစ်နေတယ်။ ထွက်ပြေးနေရတဲ့သူတွေလည်း ရှိတယ်။ မနက်ကအထိ လက်နက်ကြီးသံ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတုန်းပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ်(အစိုးရသတ်မှတ်နယ်မြေအရ ကြာအင်းဆိပ်ကြီးမြို့နယ်)အတွင်းရှိ အဇင်း ဒေသဘက်တွင်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် နယ်မြေခံတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တို့ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်၏ တပ်မ(၄၄) လက်အောက်ခံခြေမြန်တပ်ရင်း (ခမရ −၂၀၇) တပ်မ (၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ−၂၀၁)၊ ခြေလျင်တပ်ရင်း(ခလရ-၂၃၁) တပ်ရင်းများအား ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မ တော် (KNLA) တပ်ရင်း (၁၈) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ခြင်းမှ တိုက်ပွဲစတင်ပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ သတင်းအရင်းအမြစ်များအရ သိရသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲအတွင်း တပ်မ(၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၂၀၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကို အပါအဝင် ၆ ဦးသေဆုံးခဲ့ကာ ဒုခွဲမှူး ၁ဦးအပါအဝင် ၈ဦး ဒဏ်ရာရရှိခဲ့ပြီး (KNLA) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက သတင်းထုတ် ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။