Home သတင်း ဗုံးကြဲခံရသည့် ဖရူဆို စာသင်ကျောင်း ပြန်မဖွင့်နိုင်သေး

ဗုံးကြဲခံရသည့် ဖရူဆို စာသင်ကျောင်း ပြန်မဖွင့်နိုင်သေး

845
Photo: KnHRG

အောက်တိုဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့အရှေ့ဘက်ကျေးရွာတွင် ပြီးခဲ့သည့် အောက် တိုဘာလ(၄)ရက်နေ့ ညပိုင်းက စစ်ကောင်စီ၏ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက် ခိုက်ခံရ သည့် စာသင်ကျောင်းသည် ယခုအချိန်ထိ ပြန်လည်ဖွင့် လှစ်နိုင်ခြင်းမရှိသေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ကျောင်းဆောင်(၃)ဆောင်အပါအဝင် ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးအချို့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် လူနေအိမ်များ ထိခိုက်မှုရှိခဲ့သော်လည်း ကျောင်းသား၊ ကျောင်းသူနှင့်ဒေသခံများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)က ယမန်နေ့ အောက် တိုဘာလ (၅)ရက်နေ့က ထုတ်ပြန်ထားသည်။

ကျောင်းဆောင်များပျက်စီးမှုကြောင့်အပြင် ကျောင်းသားမိဘ၊ ဒေသခံများသည် နေအိမ်တွင်မနေရဲကြဘဲ ရှောင်တိမ်းနေထိုင်ကြရသဖြင့် ကျောင်းပြန်ဖွင့်နိုင်ရန် အချိန်ကြာမြင့်ဦးမည်ဟု KnHRG ၏ ဒါရိုက်တာ ဦးဗညားခွန်အောင်က ကေအိုင်စီသို့ ယခုလို ပြောသည်။

“ရွာရဲ့အလယ်တည့်တည့်မှာရှိတဲ့ကျောင်းဆောင်ကို အရင်ထိတာ၊ ကျောင်းကတော့ စစ်ရှောင်ရောရွာခံရော အတူတူပေါင်းတက်နေကြတာပါ။ ခုလောလောဆယ်က ကျောင်းလည်းပိတ်ထားရတယ်။ ကျနော်ထင်တာကတော့ ဖွင့်ဖို့လနဲ့ချီကြာဦးမယ် ဗုံးထိထားတာရော၊ ကျောင်းလည်းပျက်စီးတာရော လတ်တလောက ကလေးမိဘ တွေကလည်း ရွာမှာမနေရဲဘူး။ ဒေသခံတွေရောပေါ့ ပစ္စည်းပြန်ယူ ပြန်ကြည့် တာလောက်ပဲ” ဟု ၎င်းက ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အဆိုပါကျေးရွာရှိ ဒေသခံ ၃၀၀ ခန့်သည် နီးစပ်ရာ တော၊ တောင်များအတွင်း ခိုးအောင်းနေထိုင်နေရပြီး လက်ရှိအထိ နေရပ်မပြန်ရဲသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Photo: KnHRG

လတ်တလောတွင် ဖရူဆိုမြို့အရှေ့နှင့်အနောက်ဖက် လမ်းမကြီးတစ်လျှောက် စစ်ကောင်စီက လမ်းပိတ်ဆို့၍နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသဖြင့် အနီးရှိ ကျေးရွာများတွင် ပစ်ခတ်မှုများဖြစ်ပွားခြင်း၊ မြေမြှုပ်မိုင်းအန္တရာယ်များနှင့် စစ် ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်များရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

“ဖရူဆိုဘက်မှာက ဒီမော့ဆိုဘက်လောက်တော့ လေယာဥ်ကြဲခံရတာမများဘူး ရှိတာ တော့ရှိတယ်။ အဲဒီဘက်ကို စစ်ရှောင်သွားကူမယ်ဆိုရင် စစ်ကြောင်း ဝင်နေတာ တွေရှိတဲ့ စစ်ရှောင်စခန်းတွေဘက် သွားဖို့က အဆင်မပြေဘူး။ တချို့အဖွဲ့တွေကျ တော့လည်း မလုံခြုံလို့မသွားကြတော့တာ ရှိတယ်” ဟု ကရင်နီအခြေစိုက် စစ်ရှောင် ကူတစ်ဦးက ဒေသအခြေအနေကိုပြောပြသည်။

ဖရူဆိုမြို့နယ်တစ်ခုလုံး အတိုင်းအတာအနေဖြင့် ပြီးခဲ့သည့်လပိုင်းအတွင်း လူ့အခွင့် အရေးချိုးဖောက်ခံရမှုများ တကျော့ပြန်ဖြစ်လာခြင်းကြောင့် လက်ရှိတွင် ရွှေ့ပြောင်း စစ်ဘေးရှောင်နေရသူ တစ်သောင်းခန့်ရှိနေပြီး ကလေးများပညာဆက်လက်သင် ယူနိုင်မှုအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း KnHRG ထံမှ သိရသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အနေဖြင့်လည်း ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့၊ ဘော်လခဲ အစရှိသည့် မြို့နယ်ပေါင်း (၈)မြို့နယ် ရှိ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် သင်ထောက် ကူပစ္စည်းကိရိယာများဖြင့် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးသင်တန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သလို လာမည့်နှစ်များတွင် ပိုမိုအားကောင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ယနေ့ ပြောပြချက်အရ သိရှိရသည်။

အလားတူ အာဏာသိမ်းကာလ(၃)နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုခံခဲ့ရသော စာသင်ကျောင်းပေါင်း (၁၁၉)ကျောင်းရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲ တွင် ဆိုထားသလို စစ်ကောင်စီ၏လုပ်ရပ်များကို အမြန်ဆုံးအရေးယူ ဆောင်ရွက်နိုင်ရေး NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့များကလည်း နိုင်ငံတကာသို့ တောင်းဆိုထားသည်။