Home သတင်း ဗိုလ်စလုံးဦးစီးသည့် KTLA ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ကျေးရွာမှ ထွက်ခွာပေးရန် ဒေသခံများတောင်းဆို

ဗိုလ်စလုံးဦးစီးသည့် KTLA ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ကျေးရွာမှ ထွက်ခွာပေးရန် ဒေသခံများတောင်းဆို

1267
Photo: Crd.

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တောနော်(ဒေါန) အရှေ့ဘက်ခြမ်း၊ မော်ခီး ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာမှ ရွာသားများပူးပေါင်းပြီး ဗိုလ်စလုံးဦးစီးသည့် ကော်သူးလေအာမီ-KTLA ကွန်မန်ဒို တပ်ဖွဲ့ဝင်များ ကျေးရွာမှထွက်ခွာပေးရန်တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

(KTLA)တပ်ဖွဲ့ဝင်များက ရွာသားများကို ထိုးကြိတ်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့် ပက်သက်ပြီး ပြီးခဲ့သည့် အောက်တို ဘာလ(၃)ရက်နှင့် (၄)ရက်နေ့တွင် (KTLA) တာဝန်ရှိသူများ၊ ကျေးရွာ(၅)ရွာမှ ရွာသားများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)မှ တာဝန်ရှိသူများပါဝင်သည့် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကာ ၎င်းဆွေးနွေးပွဲအတွင်း ရွာသားများက ယခုလို တောင်းဆိုမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းက “ KTLA စစ်သားတွေက ရွာမှာလာနေတာ သူတို့ကို သားသမီးတွေလို သဘောထားတယ်။ အခုလို လုပ် တော့ သူတို့ထမင်းအိုးကို သူတို့ကိုယ်တိုင် ရိုက်ခွဲသလို ဖြစ်သွားတယ်။ သူတို့က ရွာထဲကို ဝင်ပြီး ခြိမ်းခြောက်တာ တွေရှိတယ်။ ရွာထဲကကြက်တွေကိုလည်း ပစ်သတ်ပြီး ချက်စားတယ်။ ဘယ်သူမှ မပြောရဲဘူး။ သူတို့က သေနတ်ရှိတာကိုး။ ဒီစစ်သားတွေဆက်ရှိမယ်ဆို ရွာသားတွေ ပြောင်းတော့မယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအတွင်း ကျေးရွာ(၅)ရွာမှ ရွာသားများ၏တောင်းဆိုမှုများအရ ဗိုလ်စလုံး ဦးဆောင်သည့် KTLA အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များအနေဖြင့် ရွာထဲမှ ထွက်ခွာရန် အစည်းအဝေးအတွင်း ဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

ထို့အပြင် ကျေးရွာနေပြည်သူများ၏တောင်းဆိုမှုများအရ (KTLA) တပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာမှ တစ်မိုင် ကျော်နှစ်မိုင်အကွာအဝေးတွင်နေထိုင်ရန်နှင့် ကျေးရွာအတွင်းသို့ လာရောက်မည်ဆိုပါက သေနတ်ကိုင် ဆောင်လာခွင့် မပြုတော့ကြောင်း (KTLA)ရှေ့တန်းဗျူဟာမှူး ဗိုလ်မှူးကြီးစောဖူးခလယ်က ကေအိုင်စီသို့ ပြောသည်။

Photo: Crd.

၎င်းက “ဒီနေ့ အစည်းအဝေးမှာ ဗိုလ်စလုံးကို နေ့လည်(၁၂) ထိစောင့်တယ်။ အစည်းအဝေးကို ရောက်မလာဘူး။ သူအစည်းအဝေးကို မလာပေမဲ့ ရွာသားတွေရဲ့ သဘောထားနဲ့ KTLA ဗျူဟာသုံးခု ဆုံးဖြတ်ချက်ကိုတော့ လိုက်နာရမယ်။” ဟု ယမန်နေ့က ပြောသည်။

အစည်းအဝေးပွဲသို့ ကျေးရွာ(၅)ရွာဖြစ်သည့် ခေါဖိုခီးရွာ၊ ဖောဘူးလထ၊ ကော်ဆဲ၊ ကလော်ဝေါ၊ မယ်ဘော်ခီးမှ ရွာသားများတက်ရောက်လာသလို KTLA ဌာနချုပ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောလဲကယ်၊ (KTLA)မှ ရှေ့တန်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအယ်စေးဝါး၊ ဗိုလ်မှူးကြီး စောဖူးခလယ်၊ KNLA တပ်ရင်း (၂၀၁) အမြှောက် တပ်တပ်ခွဲမှူးနှင့် မောခီးကျေးရွာ အုပ်စုမှကျေးရွာဥက္ကဋ္ဌတို့ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးနှင့်ပတ်သက်၍ (KTLA) အထူးကွန်မန်ဒို တပ်ရင်းမှူးဗိုလ်စလုံးက “ဒီအစည်းအဝေးကို မတက်ဖြစ်တာက၊ ဖြစ်စဉ်ပြီးတဲ့နောက်ရက်မှာ ကိစ္စတွေဖြေရှင်းပြီးပေမဲ့၊ ဒီလူတွေက မပြီးသေးတော့ ပွဲကိုမ သွားချင်တော့ဘူး။ တပ်ရင်းက မလိုတော့ရင်၊ တစ်မိုင်နှစ်မိုင်မကဘူး မိုင်နှစ်ဆယ်ရွှေ့ပေးမယ်၊ ဒီကိစ္စက ဘယ်သူ့ ကိုမှ မေးစရာမလိုဘူး၊ စစ်ဦးစီးချုပ် နယ်ဒါးမြကိုသွားမေး။ ဗိုလ်ချုပ်နယ်ဒါးမြပြီးရင် ကျနော်ပြီးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ရွာသားများ ထိုးကြိတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်ရက် စက်တင်ဘာလ ၂၅ရက်နေ့တွင် ခေါဖိုးခီး ကျေးရွာ၊ ဖောဘူး လထကျေးရွာနှင့် ကလော်ဝေါကျေးရွာ ၃ ရွာရှိ ဒေသခံရွာသားများ ပူးပေါင်းကာ ဗိုလ်စလုံး အပါအဝင် KTLA တပ်ဖွဲ့ဝင်များကို ကျေးရွာအတွင်း မရှိစေချင်ကြောင်း ရွာသားများက ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။