Home သတင်း တော်လှန်ရေးအင်အားစု ၈ ဖွဲ့ပေါင်း၏ သုံးလတာစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၂၈ဦးသေဆုံး၊ ၄၀ဦး ဒဏ်ရာရ

တော်လှန်ရေးအင်အားစု ၈ ဖွဲ့ပေါင်း၏ သုံးလတာစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၂၈ဦးသေဆုံး၊ ၄၀ဦး ဒဏ်ရာရ

1012

အောက်တိုဘာလ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်ဘုရားသုံးဆူစသည့်နေရာများတွင် အခြေချလှုပ်ရှား နေသည့် တော်လှန်ရေးအင်အားစု ၈ ဖွဲ့စုပေါင်း၍ ဒရုန်း၊ မြို့ပြစစ်ဆင်ရေးနှင့် လက်နက်ကြီးစသည့် စစ်ဆင်ရေး ၃ ရပ်ဖြင့် သုံးလတာစစ်ဆင်ရေးဖော်ဆောင်ခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး ၄၀ ဦးဒဏ်ရာရရှိခဲ့ ကြောင်း ဒေါနစစ်ကြောင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ အခြေစိုက်စစ်စခန်း၊ အမြှောက်တပ်နှင့် အခြေစိုက်ဌာနချုပ်နေရာများအပါအဝင် လက်ခတ် တောင်နှင့် ကော့ကရိတ်ဒေသဘက်သို့ စစ်ကူအင်အားဖြည့်တင်းပေးနေသည့် စစ်ကောင်စီဖြည့်ကူစစ်ကြောင်း များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ၊ ရေးပြောက်ကျားတပ်ဖွဲ့ YGF၊ MARS ၊ ABSDF တပ်ရင်း (၁)၊ MSRO၊ ဒေါနစစ်ကြောင်း၊ ရေးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ စသည့်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များစုပေါင်း၍ ဇူလိုင်လမှ စက်တင်ဘာလအတွင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်များကို ၃ လတာအတွင်း ဒရုန်း၊ မြို့ပြစစ်ဆင်ရေးနှင့် လက်နက်ကြီးများဖြင့် စစ်ဆင်ရေး ဖော်ဆောင်ရာတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သလို တိုက်ခိုက်မှုအတွင်း ရာသီဥ တုအခြေ အနေများကြောင့် ဒရုန်း SF-Z လေယာဉ်တစ်စီးလည်း ပျက်စီးဆုံးရှုံးလိုက်ရကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ထို့အပြင် မွန်ပြည်နယ် ရေး၊ ဘီးလင်း၊ သထုံ နှင့် ကျိုက်ထိုစသည့်နေရာများအတွင်းရှိစစ်ကောင်စီတပ်၏ စစ်ဌာန ချုပ်စခန်းများနှင့် ယာဉ်တန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မကြာခဏတိုက်ခိုက်နေလျက်ရှိ နေ သလို စစ်ကောင်စီတပ်ဘက်မှ ကုန်းလမ်းအသုံးပြုမှုနည်းပါးလာပြီး ရေလမ်းကြောင်းမှတစ်ဆင့် စစ်လက်နက် ပစ္စည်းများ၊ ရိက္ခာများနှင့်အတူ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း ဘီးလင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကျနော်တို့နယ်ဘက်မှာက စကစတွေ စစ်ကြောင်းထိုးတာတော်တော်နည်းသွားတယ်လို့ ပြောလို့ရတယ်။ သူတို့ အခုဆိုရင် ရိက္ခာတောင်ထွက်ဝယ်မရဘူး။ လေကြောင်းကနေလာရင်လည်း သူတို့တပ်စခန်းဌာနချုပ်တွေစီ တက်ပို့ဖို့က မရပြန်ဘူး။ ပြောရရင် သူတို့အတွက် နည်းလမ်းတွေက တဖြည်းဖြည်းနဲ့ကုန်လာပြီး။ တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း စည်းစည်းလုံးလုံးနဲ့ ပေါင်းစည်းသွားရင် အနေအထားတစ်ခု ထိတော့ရောက်မှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နယ်မြေများထဲတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့အကြား မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှလည်း တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကိုလည်း မကြာခဏ ပြုလုပ်နေကြောင်း သက်ဆိုင်ရာနယ်မြေခံအဖွဲ့အစည်းများထံမှ သိရသည်။