Home သတင်း မုန်းမြို့နယ်တွင် မျက်စိနာရောဂါများ စတင်ဖြစ်ပွားလာနေ

မုန်းမြို့နယ်တွင် မျက်စိနာရောဂါများ စတင်ဖြစ်ပွားလာနေ

942

အောက်တိုဘာလ(၅)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခု မိုးရာသီ ကုန်ဆုံးတော့မည့် မိုးနှောင်းပိုင်းကာလအတွင်း မျက်စိနာရောဂါများ စတင်ဖြစ်ပွားလာနေကြောင်း ဒေသအခြေစိုက် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ ပြောဆိုမှုအရ သိရသည်။

မိုးဦးကျကာစတွင် မုန်းမြို့နယ်အပါအဝင် ညောင်လေးပင်ခရိုင်တစ်ခုလုံးရှိ စစ်ဘေး ရှောင်ပြည်သူ အများစုမှာ တိုက်ပွဲများအကြား စစ်ရှောင်နေရသည့်အတွက် အအေးမိများရာမှ ရာသီတုပ်ကွေးရောဂါ ခံစားခဲ့ပြီး ယခုရက်ပိုင်းအတွင်း ရာသီတုပ် ကွေးဖြစ်ပွားမှုနည်းပါးသွားသော်လည်း မျက်စိနာရောဂါ စတင်ဖြစ်ပွားနေကြောင်း တွေ့ရှိရသည်ဟု မြို့နယ်ကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။

ကော်မတီဝင်တစ်ဦးက “ဒီဘက်မှာ ဖျားနာတာတော့ရှိတယ်။ တအားကြီးဆိုးဝါးတာတော့ သိပ်ပြီး တော့မရှိဘူး။ အခုက ရာသီတုပ်ကွေးတင်မကဘူး၊ မျက်စိနာရောဂါတွေပါ ဖြစ်လာကြ တာတွေ့ ရတယ်။ ကျန်တဲ့နေရာတွေမှာ မေးကြည့်တာတော့ နည်းတယ်လို့ ပြောတယ်။ မုန်းမြို့နယ် ထဲမှာက တော့ ရွာတစ်ရွာကို တစ်ဦးနှစ်ဦးလောက် မျက်စိနာတာတွေ စတွေ့နေရပြီ။ အခြားနေရာ ဘက်တွေကိုတော့ ကျနော်တို့ လေ့လာနေတုန်းပါ။” ဟု ၎င်းက ကေအိုင်စီသို့ အောက်တို ဘာလ(၄)ရက်နေ့တွင် ပြောသည်။

အဆိုပါ ပြောဆိုမှုနှင့် စပ်လျဥ်း၍ မုန်းမြို့နယ်အနီးတွင်ရှိသော ကျောက်ကြီးမြို့နယ်မှ ဒေသခံပြည် သူများကို ရောဂါဖြစ်ပွားမှုအခြေအနေအား ကေအိုင်စီက မေးမြန်းရာတွင် ကျောက်ကြီးမြို့ နယ်အတွင်း မျက်စိနာရောဂါဖြစ်ပွားမှုများ မတွေ့ရှိရသေးကြောင်း ပြောဆိုကြသည်။

“ဖြစ်ရင်တော့ ကျမတို့ဘက်ကို ကူးလာမှာပဲ။ မုန်းနဲ့ကျောက်ကြီးဘက်က အသွားအလာရှိတယ်။ အခုထက်ထိတော့ ဒီဘက်မှာဖြစ်တယ်လို့ မကြားသေးဘူး။” ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

မျက်စိနာရောဂါသည် ဗိုင်းရပ်စ်နှင့်ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်းကြောင့် မိုးရာသီနှင့် ရာသီ အကူးအပြောင်းကာလအတွင်းနှင့် အပူအအေးမမျှတသည့် အချိန်တို့တွင် ကလေး၊ လူကြီးမရွေး ဖြစ် ပွားလေ့ရှိသလို လက်မှတဆင့်ကူးစက်မှုမြန်ဆန်သဖြင့် လူစုလူဝေးသို့ သွားခြင်းမှ ရှောင်ကြဥ်ရန်၊ မျက်စိအား လက်ဖြင့် ထိကိုင်ခြင်းမပြုလုပ်ရန် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပိုးသတ်ဆေး၊ အရောင် ကျဆေးများပါသော မျက်စဥ်းဆေးများ အသုံးမပြုရန်တို့ကို လိုက်နာရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက အကြံပြုပြောဆိုထားသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ အတွင်းရှိ မုန်းမြို့နယ်သည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မြို့တွင်း စစ်ဘေးရှောင် သောင်းချီရှိ၍ ဆေးဝါး သယ်ယူပို့ဆောင်မှု ကန့်သတ်ပိတ်ဆို့ခံထားရသော ဒေသတစ်ခုလည်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ လဝက်အထိ စစ်ကောင်စီက လေကြောင်းနှင့် လက်နက် ကြီးသုံး တိုက်ခိုက်မှု အကြိမ်ရေ(၅၀၀)ရာကျော် လုပ်ဆောင်ခဲ့ခြင်းကြောင့် ကျေးရွာအများအပြားမှ ဒေသခံများမှာ နေရပ်မပြန်နိုင်ဖြစ်ခဲ့ရသည့်အတွက် အကူအညီရရှိရန်၊ စစ်ကောင်စီ၏ လုပ်ရပ်များအား ရပ်တန့်နိုင်ရေးနှင့် အရေးယူဆောင်ရွက်နိုင်ရန် နိုင်ငံတကာ အပါအဝင် ပြည်တွင်း ပြည်ပအဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများသို့ မုန်းမြို့နယ် ကရင်အရေးပေါ် ကယ်ဆယ် ရေးကော်မတီက စက်တင်ဘာလ (၁၉)ရက်နေ့က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားသေးသည်။