Home သတင်း ဝေါမြို့နယ်တွင် စစ်သင်တန်းဆင်း ပျူစောထီးများ လက်နက်ကိုင်ကာ ကင်းစောင့်နေ

ဝေါမြို့နယ်တွင် စစ်သင်တန်းဆင်း ပျူစောထီးများ လက်နက်ကိုင်ကာ ကင်းစောင့်နေ

951
Photo: Crd.

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာတွင် စစ်ကောင်စီပို့ချသည့် ပြည်သူ့ စစ်သင်တန်းဆင်းလာသော ပျူစောထီးများအား လက်နက်တပ်ဆင်ပေးကာ ကင်း စောင့်ခိုင်းနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့်လပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် စစ်ကောင်စီဘက်က ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် တစ်ရွာလျှင်အမျိုးသား(၁၅)ဦးစီ တောင်းခံကာ စစ်သင်တန်းတက်ရန် ညွှန်ကြားလုပ်ဆောင်နေလျက်ရှိသလိုသင်တန်းဆင်းလာသော ပျူစောထီးအဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးကာ ကင်းစောင့် စေခြင်းဖြစ် ကြောင်း ရွာခံများနှင့်နီးစပ်သူများက ပြောဆိုကြသည်။

“တစ်ရွာကို လူ(၁၅)ယောက်တောင်းတယ်။ မပေးနိုင်တဲ့ရွာလည်းတော်တော်များတယ် ။ အခုက ညဘက် တစ်ရွာကိုဆယ်ယောက် ပေါ်တာဝင်စွဲမယ်ဆိုပြီး သတင်းပြန့်နေ တာလည်း ကြားတယ်။ လက်ပံမှာဆိုရင် စစ်တပ်က လက်နက်ကြီးဆင်၊ အထိုင်လာချ ထားတာ။ အဲဒီရွာကပေးလိုက်ရတဲ့ပျူစောထီး(၁၅)ယောက်က သင်တန်းဆင်းလာပြီး စခန်းချတဲ့ဆီမှာ ပြန်ဝန်းရံပေးရတာ ကင်းစောင့်ပေါ့။ သူတို့ကို လက်နက်လည်းပေး ထားတယ်။” ဟု အမည်မဖော်လိုသူ ဝေါမြို့ခံတစ်ဦးက ပြောသည်။

ထို့အတူ မြစ်ကျိုးရွာဘက်တွင်လည်း ပြီးခဲ့သည့် လပိုင်းများက စစ်သင်တန်းနှင့် လက်နက်တပ်ဆင်ပေးခြင်းမရှိသော ဒေသခံများအား လူသားဒိုင်းအနေဖြင့် ရွာရှိတပ် စခန်းများတွင် ကင်းစောင့်စေခြင်း၊ ကင်းမစောင့်နိုင်သူများအား ကျပ်ငွေတစ် သောင်းခွဲ တောင်းခံခြင်းတို့ကိုပါ စစ်ကောင်စီဘက်က လုပ်ဆောင်နေလျက်ရှိသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

လက်ရှိ ဝေါမြို့နယ်အတွင်းရှိ လူမပေးနိုင်သော ရွာများအနေဖြင့် စစ်ကောင်စီဘက် ကတုန့်ပြန်မှု တစ်စုံတစ်ရာမရှိသေးသော်လည်း စစ်သင်တန်းတက်၍ ပျူစောထီး လုပ်ရန် စိုးရိမ်ကြောက်လန့်နေကြရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “လူမပေးနိုင်တဲ့ရွာတွေကတော့ ကြောက်ကြောက် လန့်လန့်နဲ့ပဲ။ အရင်ကတည်းက ရွာတွေမှာ ပျူစောထီးတွေ ဖွဲ့ထားတာရှိတယ် ။ အဲဒီ တုန်းကတော့ ပျူစောထီးခေါင်းဆောင်လောက်ပဲ လက်နက်ဆင်ပေးတာ အခုကတော့ အဖွဲ့ဝင်အဆင့်ပါ လက်နက်ကိုင်နေပြီ။ လက်နက်မရှိ ပျူစောထီး သင်တန်း တက်မထားတဲ့ မြစ်ကျိုးဘက်က အရပ်သားတွေဆို ကင်းမစောင့်နိုင်ရင် တစ်သောင်းခွဲပေးရတယ်၊ ပိုက်ဆံမပေးနိုင်ရင် ကင်းစောင့်ပဲ။” ဟု ပြောသည်။

အလားတူ အုတ်ဖိုကျေးရွာအုပ်စုတွင်လည်း အုတ်ဖို(၃)ရွာမှ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာခံလူငယ်(၃)ဦးအား ၎င်းတို့ဆန္ဒမပါဘဲအတင်းအကြပ် ပြည်သူ့ စစ်သင်တန်းတက်ခိုင်းနေကြောင်း ဒေသခံများ၏တိုင်ကြားမှုကို ယနေ့အောက်တို ဘာလ ၁၁ရက်နေ့စွဲဖြင့် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူနှင့်ပြည်တပ်နယ်ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက စစ်ဝတ်ပစ္စည်းနှင့် ရိက္ခာများ ပေးအပ်ခဲ့သည့် အခမ်းအနား ကျင်းပပြုလုပ်ကာ လက်နက်များ တပ်ဆင်ပေးခဲ့သေးသည်။

စစ်ကောင်စီဘက်က တစ်နိုင်ငံလုံးအနေအထားဖြင့် ပြည်သူ့စစ်တပ်ဖွဲ့များဖွဲ့ စည်း လာခြင်းမှာ မြေပြင်စစ်ကြောင်းထိုးဖောက်နိုင်မှု အားနည်းခြင်းကြောင့်ဖြစ်ပြီး စစ်ကောင်စီသို့ တန်ပြန်ပူးပေါင်းတိုက်ပွဲဖော်ဆောင်လာနိုင်သည့် တော်လှန် ရေးတပ်ဖွဲ့ အင်အား များပြားလာသည့်အပေါ်တွင် ထူးခြားမှုရှိမည်မဟုတ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြီးခဲ့သည့်စက်တင်ဘာလတွင် ကေအိုင်စီသို့ ပြောဆိုထားသည်။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဒေသခွဲတွင်ရှိသော ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့စစ်သင်တန်း ဆင်းလာပြီး စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသော ပျူစော ထီးခေါင်းဆောင်များသည် မြို့နယ်အလိုက်ဖွဲ့စည်းထားသော ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ မကြာခဏပစ်ခတ်ရှင်းလင်းခြင်းခံနေရကြောင်း ဒေသခံများ ထံမှ သိရသည်။