Home သတင်း လှိုင်းဘွဲနှင့်ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာများတွင် ကြက်နာကျရောဂါ ဖြစ်ပွားနေ

လှိုင်းဘွဲနှင့်ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာများတွင် ကြက်နာကျရောဂါ ဖြစ်ပွားနေ

973

အောက်တိုဘာ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့်ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံများ၏ တစ်နိုင်တစ်ပိုင် မွေးမြူကြသည့် အိမ်းမွေးကြက်များ ရောဂါကျရောက်ဖြစ်ပွားနေသဖြင့် ဒေသခံများအနေဖြင့် နစ်နာ ဆုံးရှုံးများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

၎င်းမြို့နယ်၏ ကျေးရွာများအတွင်း ဒေသခံ(၈၀)ရာခိုင်နှုန်းခန့်သည် မိသားစု အပိုဝင်ငွေအဖြစ် မိမိတို့၏ အိမ်ခြံများ၌ အိမ်ကြက်များကို တစ်ပိုင်တစ်နိုင်မွေးမြူကြပြီး ယခုလ မိုးရာသီကုန်လောက်တွင် ကြက်များ ဆက်တိုက် ရောဂါများကျရောက်၍ အများအပြားသေဆုံးလျက်ရှိကြောင်း ပိုင်ကျုံဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“ကြက်တွေကို တစ်နှစ် နှစ်ခါလောက်တော့ရောင်းရတယ်။ အနည်းငယ်စားဝတ်နေရေးတွက် အဆင်ပြေတယ်။ အပိုဝင်ငွေလည်းရတော့ အိမ်တိုင်မွေးကြတယ်။ ကြက်နာကျပြီးသေတာများတော့ မွေးတဲ့သူတွေ အစာဖိုးတွေ အချိန်တွေ ရှုံးတာပေါ့” ဟု ကေအိုင်စီ သို့ပြောသည်။

ယခုလို မွေးမြူးထားသည့် ကြက်များ ရောဂါကျသေဆုံးမှုများ ဖြစ်ပွားနေသောကြောင့် ဒေသခံ ကျေးရွာ သားများအနေဖြင့် လတ်တလောရင်ဆိုင်နေရသည့် ကုန်ဈေးနှုန်းတက်သည့်ကာလအတွင်း မိသားစု အသုံးစရိတ်များအတွက် ထိခိုက်ဆုံးရှုံးစေကြောင်းလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ကရင်ပြည်နယ်တွင် များသောအားဖြင့် မိုးရာသီ၏ မိုးများသည့် ကာလနှင့် ရာသီအကူး ပြောင်းကာ လများတွင် အိမ်မွေးကြက်များနှင့် အခြားအိမ်မွေးတိရစ္ဆာန်များ အနာရောဂါ ဖြစ်ပွားလေ့ရှိသောကြောင့် ယခုလို ရာသီအကူးအပြောင်းကာလများတွင် အထူးဂရုစိုက်ရန်လိုနေပြီး ကူစက်မှုကို သတိမထားလျှင် ကြက်များ အများအပြားသေဆုံးနိုင်မှုဖြစ်ပွားနိုင်သည်ဟု လှိုင်းဘွဲမြို့နယ်မှ တစ်ပိုင်တစ်နိုင် အိမ်ကြက်မွေးသူတစ်ဦးက ပြောသည်။

၎င်းက“ရိုးရိုးသေတယ်ထင်တာနောက်မှရွာထဲက ကြက်တွေလည်း ရောဂါဖြစ်တာများတော့မှ ကြက်နာ ကျလာတာဆိုတာ သိရတာ။ သတိမထားရင် တစ်အိမ်ပြီးတစ်အိမ်ကူးနိုင်တယ်။ ကြက်ရောဂါက ကူးစက်တာမြန်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

ရောဂါကူးစက်မှုဖြစ်ပွားသော ကြက်များ၏ ရောဂါလက္ခဏာများတွင် အစာမစားခြင်း မျက်နှာနီညိုရောင် ပြောင်းလာကာဝပ်၍ သေဆုံးကြခြင်းဖြစ်ပြီး ဒေသခံများအနေဖြင့် သမာရိုးကျနည်းလမ်းများ ဖြင့်ကုသမှု ပြုလုပ်ကြသော်လည်း ကြက်များဆက်လက်သေဆုံးနေဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ ကြက်နာကျရောက်ချိန်ဖြစ်သောကြောင့် ကြက်နာရောဂါပိုးများ ကူးစက်မည်ကို စိုးရိမ် လာသည့်အတွက် ဒေသခံများအနေဖြင့် အိမ်ကြက်များဝယ်ယူစားသုံးမှုကို ရှောင်ရှားလာကြသဖြင့် ကြက်စျေးနှုန်းများလည်း ကျဆင်းလာနေပြီး မြို့ပေါ်ကြက်သားဆိုင်များတွင် ကြက်များ ရောင်းအား ကျလာကြောင်း လှိုင်းဘွဲမြို့ပေါ်ရှိ အသားဆိုင်ရှင်တစ်ဦးက ပြောသည်။

အလားတူ ယခုနှစ်အစပိုင်း ဇန်နဝါရီလကလည်း ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်မွေး ကြက်များ အနာရောဂါကျပြီး သေဆုံးမှုများပြားခဲ့သောကြောင့် ဒေသခံများအနေဖြင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သေးသည်။