အောက်တိုဘာ ၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သို့ အသစ်ပြောင်းလာသည့် စစ်ကောင်စီ၏ ဗျူဟာမှူး အသစ်အနေဖြင့် နယ်မြေအတွင်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်လာနေသည့်အပေါ် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ရေးတင်းမာနေသည့် ကြာအင်းဆိပ်ကြီးမြို့သို့ အသစ်ပြောင်း လာသည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဗျူဟာမှူးသစ် ဗိုလ်မှူးကြီး ဇေယျာလင်း အနေဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်ဒေသများသို့ တစ်ရက်နှစ်ကြိမ်ခန့် စစ်ကြောင်းပတ်ခြင်းနှင့် တော်လှန်ရေးအင်အားစုအပေါ် စိန်ခေါ်ပြောဆိုသည့် လုပ်ရပ်များကြောင့် မြို့တွင်းတိုက်ပွဲဖြစ်ပွား လာနိုင်မည့်အပေါ် စိုးရိမ်ကြောင်းမြို့ခံများက ပြောသည်။
အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “သူတို့ တိုက်ပွဲ မြို့ထဲအထိ ဖြစ်လာရင် ဟိုတလောက ခလယ်တံခွန်တိုင်ရွာတွေဘက်က ဖြစ်တဲ့တိုက်ပွဲတွေတုန်းကလို ရွာသားကို ပေးမရှောင်ခိုင်းဘဲ ဖမ်းစုထားတာမျိုး စစ်တပ်က မြို့ပေါ် လုပ်လာမှာ စိုးရိမ်တယ်။ ပြေးရှောင်ပြန်တော့လည်း အိမ်တွေဆိုင်တွေ ဝင်ဖောက်ဝင်ခိုးယူဆိုတော့ ပြေးရခက်၊ နေရလည်းခက်ဖြစ်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အသစ်ပြောင်းလာသည့် ဗျူဟာမှူး၏ တော်လှန်ရေးတပ်ဖွဲ့များအပေါ် စိန်ခေါ်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့တွင်လည်း မြို့ပေါ်ရှိ ထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံ ရမှုဖြစ်စဉ်ဖြစ်ပွားသေးကြောင်း အခြားမြို့ခံတစ်ဦးက ယခုလို ပြောသည်။
“အခု ဗျူဟာမှူးဇေယျာလင်းက ကရင်အဖွဲ့ PDF အဖွဲ့တွေကို စိန်ခေါ်တယ်။ လာတိုက်ကြည့်ပေါ့၊ မြို့ပေါ်ကိုဆိုပြီး သတင်းလွှင့်တယ်။ အဲ့ဒါအောက်တိုဘာ ၂ ရက်ညက ဒရုန်းဗုံးလာကြဲတယ်။ ကရင် ဘက်က ည ၁၁ နာရီလောက် ကြာအင်းဆိပ်ကြီး ထွေအုပ်ရုံးကို။ အဲ့ဒီမှာရှိတဲ့ စစ်တပ်ဘက်က လူတွေ ထိတယ်။ အဲ့ဒီ စစ်တပ်ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးနဲ့ ပြန်ပစ်ထုတ်တာကျတော့ ရွာဘက်က အိမ်တွေခြံတွေ ထိကုန်တယ်။ လူတော့ထိ၊ မထိမသိရသေးဘူး” ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ကြာအင်း ဆိပ်ကြီးမြို့ရှိ ဌာနဆိုင်ရာရုံးများဖြစ်သည့် မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနေရာများကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဘက်က ဒရုန်းဖြင့်ဗုံကြဲ တိုက်ခိုက်ခဲ့ ပြီးနောက် မြို့တွင်း ညနေ ၆ နာရီနောက်ပိုင်း အပြင်ထွက်သွားလာသူများကို စစ်တပ်က သေနတ်ဖြင့် လိုက်လံပစ် ခတ်ခြင်းနှင့် ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သေးကြောင်း မြို့ခံများထံမှ သိရသည်။
“စစ်တပ်က အခု ကြာအင်းဆိပ်ကြီး နဲ့ မော်လမြိုင်၊ မုဒုံလမ်းပိုင်း ကို မသုံးရဲတော့ဘူး။ ချောင်းနှစ်ခွတံ တားလည်း မသုံးရဲ မသွားရဲတော့ဘူး။ ရဟတ်ယာဉ်နဲ့ပဲ ရိက္ခာပို့တာ လူချိန်းတာ၊ လစာတို့ ခဲယမ်းတို့ ကျည်တို့ပို့တာကိုလုပ်တာရှိတော့တယ်။ တစ်ခါတစ်ခါတော့ သူတို့နဲ့ ပူးပေါင်းထားတဲ့ BGF (နယ်ခြားစောင့်တပ်)တို့ DKBA (ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်)တို့ကို သယ်ခိုင်းပို့ခိုင်း တာမျိုးပဲရှိတော့တယ်” ဟု KNLA ပူးပေါင်းတပ်ဖွဲ့ စစ်ရေး သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။
လတ်တလော ကရင်ပြည်နယ်ဒေသတွင်းမှာ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင် ဘာလအထိကို ဖားအံနှင့်လှိုင်းဘွဲမြို့နယ်မှအပ ကျန်မြို့နယ် ၅ခုတွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာများ၊ ဌာနဆိုင်ရာရုံးများ၊ စစ်ကောင်စီ စစ်ကြောင်းယာဥ်တန်းများကို ကြားဖြတ်တိုက်ခိုက်ခြင်းမျိုး၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း၊ စစ်ကောင်စီ စစ်စခန်းများကို KNLA ပူးပေါင်းတပ်ဘက် ပိတ်ဆို့ထားပြီး ပြောက်ကျားတိုက်ခိုက်ခြင်းမျိုး လုပ်ဆောင်နေသောကြောင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိနေသေးကြောင်း KNLA ပူးပေါင်းတပ်ဘက်က ဆိုသည်။



















