အောက်တိုဘာ ၉ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်ရှိ အုန်းဖျန်နှင့် နို့ဖိုးဒုက္ခသည်စခန်း နှစ်ခုမှ အသက် ၅ နှစ်အထက် ကလေးငယ်များ၊ လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုအစရှိသည့် မျက်စိဝေဒနာရှင် ၁,၀၀၀ ကျော်ကို ပြီးခဲ့ သည့် စက်တင်ဘာလကုန်ပိုင်းမှစ၍ မြန်မာ့ကလေးငယ်များ ဆေးကုသမှုဆိုင်ရာ ရန်ပုံငွေအဖွဲ့ (BCMF) မှ ရက်သတ္တပတ်တစ်ပတ်ကြာ မျက်လုံးစစ်ဆေးကုသမှုပေးခဲ့ကြောင်း BCMFက ပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့်အချိန်မှစပြီး မျက်စိ ကျန်းမာရေးကုသမှု မရောက်ရှိတော့သည့်အပြင် မျက်စိဝေဒနာရှင်များအနေဖြင့် ကုသရေးအတွက် အသွားအလာ အခက်အခဲရှိနေခြင်း၊ ငွေကြေးလုံလောက်မှုမရှိခြင်းနှင့် ဒုက္ခသည်စခန်းမှ ကျန်းမာရေး တာဝန်ရှိသူများကလည်း အကူအညီတောင်းခြင်းတို့ကြောင့် BCMF အဖွဲ့က သွားရောက် စမ်းသပ်ကု သပေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု BCMF ၏ တာဝန်ရှိသူ နော်ကပေါ်ဝါး ယခုလိုပြောသည်။
၎င်းက “ကိုဗစ်ဖြစ်ပြီးနောက် စခန်းထဲမှာ မျက်စိနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းမှ သွားရောက် ကုသ ပေးတာ မရှိတော့ဘူးလို့ သိရတယ်။ အဲ့ဒါကြောင့် စခန်းထဲရှိ ကျန်းမာရေးတာဝန်ရှိသူတွေ တောင်း ဆိုလာတာနဲ့ ကျမတို့က သွားရောက်စစ်ဆေးသွားကု သပေးတာပါ။ သူတို့တွေက စခန်းထဲမှာနေတော့ အပြင်သွားပြီး ကုသဖို့ခက်ခဲပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် မျက်စိစမ်းသပ်ကုသပေးမှုကို စခန်းတာဝန်ရှိသူများနှင့်ချိတ်ဆက်ပြီး မျက်စိစစ်ဆေးပေးခြင်း၊ မျက်မှန်လုပ်ပေးခြင်း နှင့် ခွဲစိတ်မှုလိုအပ်သူများကို သက်ဆိုင်ရာဆေးရုံဆေးခန်းများတွင် ချိတ်ဆက် မှုများ လုပ်ဆောင်ပေးခဲ့ကြောင်းလည်း BCMF ၏ တာဝန်ရှိသူက ဆက်ပြောသည်။
ထိုသို့ ကုသပေးရာတွင် နို့ဖိုးဒုက္ခသည်စခန်း၌ မျက်လုံးစစ်ဆေးမှုပြုလုပ်ခဲ့သူ ၈၁၇ ဦးအနက် စုစုပေါင်း မျက်မှန် ၈၅၄ လက်ကို ထုတ်ပေးခဲ့ကာ ခွဲစိတ် ကုသပေးရမည့် ၃၅ ဦးကို နီးစပ်ရာ ဆေးရုံများသို့ ချိတ် ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အုန်းဖျန်ဒုက္ခသည်စခန်းတွင်လည်း မျက်လုံးစစ်ဆေးပြုလုပ်ခဲ့သူ ၈၆၉ ဦးထဲတွင် မျက်မှန်စုစုပေါင်း ၉၈၆ လက်ထုတ်ပေးခဲ့ကာ မျက်စိခွဲစိတ်ကုသရမည့် ၂၄ ဦးကိုလည်း သက် ဆိုင်ရာ ဆေးရုံများသို့ ချိတ်ဆက်ပို့ဆောင်၍ အခမဲ့ပြုလုပ်ပေးသွားခဲ့ကြောင်း BCMF ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း မယ်ရာမို၊ မယ်လအူးနှင့် မယ်လစသည့် နယ်စပ်ဒုက္ခသည် စခန်းများတွင် လည်း မျက်စိစစ်ဆေးမှုပြုလုပ်ပေးခဲ့သလို ယခုလာမည့် နိုဝင်ဘာလဆန်းပိုင်းတွင်လည်း BCMF အဖွဲ့မှ မယ်လအူးနှင့် မယ်ရာမိုစခန်းကို ပြန်လည်သွားရောက်ကုသပေးမည်ဟုလည်း BCMF က ပြောသည်။
BCMF က ဒုက္ခသည်စခန်း ၂ ခုတွင် ယခုလို မျက်စိသွားရောက်ကုသပေးခြင်းသည် စခန်းအတွင်းရှိ မျက်စိ ကုသလိုသူများအတွက် များစွာအထောက်အကူပြုပြီး လိုအပ်နေသူများထံသို့ မှန်ကန်စွာ ထိရောက်မှုရှိ သည်ဟု အုန်းဖျန်ဒုက္ခသည်စခန်းမှ မျက်စိသွားရောက်ကုသမှုခံယူခဲ့သူ အသက် ၅၀ အရွယ် နော်ကဲဖော ယခုလို ပြောသည်။
“အခုလိုစခန်းထဲထိလာပြီး မျက်စိစစ်ပေး မျက်မှန်လာလုပ်ပေးတဲ့အတွက် ကျမတို့ ဝမ်းသာတာပေါ့။ ကျမက မျက်မှန်လုပ်ချင်တာကြပြီ။ မဲဆောက်ထိ ကားမစီးနိုင်လို့ မလုပ်ဖြစ်တာ။ ကိုယ့်ဘာကိုယ် သွား လုပ်ရမယ် ဆိုလည်း ကားခပေးရတယ်။ အသွားအပြန် မျက်မှန်ဖိုးလည်းပေးရတော့ ပိုက်ဆံမ တတ်နိုင် ဘူးလေ။ အခုတချို့က မျက်မှန်တစ်လက်ပဲရကြတယ်။ ကျမက၂ လက်ရလာတယ်။ အနီးကြည့်ဖို့ အတွက်ရော၊ အဝေးကြည့်ဖို့အတွက်ရော ပေးတာဆိုတော့ အတိုင်းမသိဝမ်းသာတာပေါ့။ ဟု နော်ကဲဖောက ကေအိုင်စီသို့ ပြောသည်။
အလားတူ ယခုလို ဒုက္ခသည်စခန်းတွင်း မျက်စိကုသရေးမျိုးကို လာမည့်နှစ်များတွင်လည်း ဆက်လက် ကုသကူညီပေးမှုပြုရန် စခန်းတွင်း ဒုက္ခသည်များက တောင်းဆိုထားခြင်းရှိသလို BCMF အဖွဲ့ကလည်း မျက်စိကုသရေးကို ဆက်လက်ကူညီပေးသွားနိုင်ရန် အတတ်နိုင်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စခန်းတွင်း နေထိုင်သူများပြောသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ တစ်သိန်းနီးပါး နေထိုင်ခိုလှုံလျက်ရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ -KRC အဖွဲ့၏ ပြုစုထားသော စာရင်းအရ သိရသည်။




















