အောက်တိုဘာ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ယခု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တစ်လတာအတွင်း စစ်ကောင်စီ၏ အင်အား သုံးအကြမ်းဖက်မှုကြောင့် အသက် (၁၈) နှစ်အောက် ကလေးသူငယ်များ ထိခိုက် သေဆုံးခဲ့ရသည့် ဖြစ်စဥ်ပေါင်း (၂၃)ခု ရှိနေသည်ဟု ယမန်နေ့ အောက်တိုဘာလ ၂ ရက်က ထုတ်ပြန်သည့် New Myanmar Foundation-NMF ၏ Human Rights Program-လူ့အခွင့်အရေးအစီအစဥ်တွင် ဖော်ပြထားသည်။
NMF ၏ ထုတ်ပြန်ချက်တွင် ကလေးသူငယ်များထိခိုက်သေဆုံးမှုဖြစ်ပွားစေခဲ့သော ဖြစ်စဥ်များအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် တို့တွင် စစ်ကောင်စီက စာသင်ကျောင်းနှင့်လူနေအိမ်များပေါ်သို့ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် ကလေးသူငယ်ဦးရေက ပိုမိုများပြားသည်ဟု ဆိုထားသည်။
၎င်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်မှ အသက်(၁၀)နှစ်အရွယ် တစ်ဦးနှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ထီးဝေါ်ထကျေးရွာ စာသင်ကျောင်းမှ ကျောင်း သား(၄)ဦးတို့သည် စစ်ကောင်စီ၏လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။
အထက်ပါမြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှ အသက်(၆) လသား အရွယ်နှင့် (၈)နှစ်အရွယ် ကလေးငယ် (၂)ဦးအပါအဝင် စုစုပေါင်း(၃၁)ဦး တို့သည် ထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားချက်အရ သိရသည်။
“ကျမတို့ဘက်မှာက လက်နက်ကြီးနဲ့လေယာဥ်ကြောင့်ရော၊ မိုင်းတွေ ထောင်ထားလို့ရော ကလေးတွေထိခိုက်သေဆုံးတာ။ စစ်တပ်က ပစ်ရင်လည်း ရမ်းသမ်းပစ်တာဆိုတော့ အိမ်မှာနေရင်းသေတာက ပိုများတယ်။ မိုင်းတွေဆိုလည်း သူတို့ပြန်ဆုတ်တဲ့လမ်းတွေမှာ ထောင်ထားခဲ့တော့ စစ်ရှောင်ကလေးတွေက ဆန်တို့ဘာတို့ယူဖို့ အိမ်ပြန်ရင်းနင်းမိပြီးထိတာမျိုးပေါ့။” ဟု ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်သည့် အဆိုပါ ညောင်လေးပင်ခရိုင်အတွင်းတွင် ယခု ၂၀၂၃ ခုနှစ် ကာလတစ်လျှောက် စစ်ကောင်စီမှ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်လျက်ရှိသောကြောင့် စာသင်ကျောင်းများပိတ်လိုက်ဖွင့်လိုက်အခြေအနေဖြင့် ကျောင်းနေအရွယ်ကလေးများ ပညာရေးနှောင့်နှေးရကြောင်း မြေပြင်အရင်းအမြစ်များထံမှ သိရသည်။
ထို့ကြောင့် နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်နေသော စစ်ကောင်စီ နှင့်လက်အောက်ခံအဖွဲ့များ၏ တာဝန်ယူ၊ တာဝန်ခံမှု အလျင်အမြန် ပေါ်ပေါက်စေရန် နှင့် ထိရောက်သောနည်းလမ်းများဖြင့် ပိတ်ဆို့အရေးယူမှုလုပ်ရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအား NMF က တိုက်တွန်းထားသည်။
၂၀၀၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် NMF သည် လူသားချင်းစာနာထောက်ထားရေးအကူအညီများအပါအဝင် စစ်တပ် အာဏာ သိမ်းကာလအတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသော မြန်မာနိုင်ငံသားများ အတွက် ရိက္ခာထောက်ပံ့ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက်ပံ့ပိုးပေးခြင်း အစီအစဥ်များအား လုပ်ဆောင်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
စစ်ကောင်စီနှင့်တိုက်ပွဲများပြင်းထန်နေသော KNU ထိန်းချုပ်နယ် မြေများအတွင်း တွင်လည်း အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုမှုကြောင့် သေဆုံးခဲ့ရသော ကလေးငယ်(၂၅)ဦး ထက်မ နည်းရှိနေပြီး (၁၉)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်ဟု ကရင်လူ့ အခွင့်အရေးအဖွဲ့-KHRG က ပြီးခဲ့သည့် ဧပြီလတွင် ကေအိုင်စီသို့ ပြောဆိုခဲ့သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ကလေး သူငယ် ထိခိုက်သေဆုံးမှု ဖြစ်စဥ်ပေါင်း ငါးရာကျော်ဖြစ်ပွားခဲ့ရာ အမှုပေါင်း တစ်ဝက် ကျော်သည် စစ်ကောင်စီက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဇွန်လတုန်းက ထုတ်ပြန်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၂၂ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။



















