အောက်တိုဘာလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်နေ့ညက စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန (လဝက)ရုံး မီးရှို့ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်များသည် မြို့ပေါ် ရပ်ကွက် များတွင် ညဘက်ကင်းပုန်းချထားမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု မြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုသို့ ကင်းပုန်းချထားရာတွင် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ် တံခါးများလိုက်လံဖွင့်ခိုင်းမှုများလုပ်ဆောင်လေ့ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ မြို့ခံပြည်သူများထံမှ သိရသည်။
မြို့ခံတစ်ဦးက “ညဘက် သူတို့ကင်းပုန်းဝပ်ဖို့လား၊ ဘာလားတော့မသိဘူး။ တံခါး ဖွင့်ခိုင်းတယ်။ အကြာကြီးပဲအိမ်ရှေ့မှာ ခေါ်နေတယ်။ အိမ်ထဲဝင်ပြီး ဘာလုပ်မှန်း မသိနိုင်ဘူး။ အိမ်ထဲဝင်ပြီးတွေ့တဲ့ပစ္စည်းတွေအကုန်ယူမှာ စိုးလို့ဖွင့်ပေး လို့ မရဲဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်များ ညတိုင်းလိုလို လှည့်ကင်းများ ပိုမိုလုပ်ဆောင်လာသလို ထိုသို့ ကင်းလှည့်နေစဉ် ညဘက်သွားလာသည့် အရပ် သားပြည်သူများ ပစ်ခတ်ခံရမှုများရှိကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။
“ညဘက် သူတို့(စစ်ကောင်စီတပ်)တွေ ကင်းလှည့်တာရှိတယ်။ ဟိုနေ့မီးစက်ပိတ်ပြီး ဓာတ်မီးထိုးမိတာ သေနတ်ပစ်ဖောက်သေးတယ်။ တံတားဦးဘက်မှာ လည်း ပြီးခဲ့တဲ့လ(စက်တင်ဘာ)က ညဘက်ထွက်တဲ့သူတစ်ဦး ပစ်ခံရလို့ သေဆုံး သေးတယ်”ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များ ထိုသို့ ညဘက်လှည့်ကင်းများ လုပ်ဆောင်နေသော်လည်း မြို့ နှင့် အနီးဆုံးတွင် တော်လှန်ရေးတပ်ဖွဲ့များ နေရာယူထားသည့်အတွက် အချိန် မရွေးမြို့ထဲဝင်ရောက်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများက ပြောသည်။



















