Home တွေ့ဆုံမေးမြန်းခန်း အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေအပေါ် KHRG ပြောခွင့်ရသူနှင့် မေးမြန်းချက်

အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေအပေါ် KHRG ပြောခွင့်ရသူနှင့် မေးမြန်းချက်

415

(အောက်တိုဘာ ၂၄ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ)

‘ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကနေပြီးတော့မှ ပြည်တွင်းအဆင့်သော်လည်းကောင်း၊ နိုင်ငံတကာအဆင့်သော်လည်းကောင်း ထိထိရောက်ရောက်နဲ့ ဝိုင်းဝန်းပြီးတော့မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ကျနော်တို့အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုပြီး။’ စောနန္ဒဆူး(KHRG)

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသနှင့် တိုင်းရင်းသားဒေသအတွင်း အာဏာသိမ်းစစ်တပ်က ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေနှင့်ပတ်သက်၍ ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ပြောခွင့်ရသူ ဆရာစောနန္ဒဆူးနှင့် ဆက်သွယ်မေးမြန်ထားသည်။

မေး- စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းဒေသဘက်မှာ လူ့အခွင့်အရေးချိုး ဖောက်ခံရတဲ့ အခြေအနေအကျဉ်းချုပ်ပြောပြပေးပါအုံး။
လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့အခြေနေနဲ့ပတ်သက်ပြီးတော့မှ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဆိုလို့ရှိရင် အခြေခံအားဖြင့် စစ်ဘေးရှောင်ထွက်ပြေးတိမ်းရှောင်မှုပေါ့နော်။ ဒီလိုမျိုး တိုက်ပွဲတွေ ထိုးစစ်ဆင်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပွားတဲ့အတွက်ကြောင့်မို့လို့ ထွက်ပြေးတိမ်းရှောင်မှုတွေ ကြီးကြီးမားမား ဖြစ်ပွားခဲ့တယ်။

ဒီမတရားဖမ်းဆီးခံရမှုတွေ သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တယ်။ နောက်တစ်ခါ ကျလို့ရှိရင် ဒီလိုမျိုး ထိုးစစ်ဆင် တိုက်ခိုက်လို့ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု အပါအဝင်ပေါ့လေ။ ဒီလိုမျိုး တိုက်ခိုက်မှုတွေကြောင့်မို့လို့ အရပ်သားပိုင်ဆိုင်မှုတွေဖြစ်တဲ့ အိုးအိမ်စည်းစိမ်တွေ၊ ဆေးရုံ ဆေး ပေးခန်း၊ ကျန်းမာရေး အဆောက်အအုံတွေကအစ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလိုမျိုးပဲ ပြည်သူပိုင် အိမ်မွေးတိရစ္ဆာန်တွေက အစသေဆုံးမှုတွေ ရှိခဲ့တယ်။

ရွာသူရွားတွေအနေနဲ့လည်း ထိခိုက်ဒဏ်ရာရရှိတာတွေ သေဆုံးတာတွေရှိခဲ့တယ်။ လုယူမှု ခြိမ်း ခြောက်မှု တွေလည်းများပြားလာခဲ့တယ်ပေါ့နော်။ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြု တာမျိုး လည်း ရှိခဲ့တယ်ပေါ့။ ခြုံပြီးတော့ ကြည့်ရမယ်ဆိုလို့ရှိရင်တော့ ၂၀၂၁ခုနှစ်အာဏာသိမ်းပြီး ကတည်းက အခုအချိန်ထိ လူ့အခွင့်အရေးက လုံးဝကို ဆိုးရွားခဲ့တယ်။ လုံခြုံမှုမရှိဘူး။ တိုက်ပွဲကတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတယ်။ ကရင်ပြည်နယ်တစ်ဝှမ်းမှာသော်လည်းကောင်း၊ မြန်မာနိုင်ငံ တစ်ခုလုံးမှာသော်လည်းကောင်း ဒီအခြေခံလူ့အခွင့်အရေးချိုး ဖောက်ခံရမှုကတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတယ်လို့တော့ ပြောလို့ရတယ်။

မေး- အထူးသဖြင့် ဘယ်ဒေသမှာ အများဆုံးခံနေရလဲ၊ အရေအတွက်အားဖြင့်ကော ဘယ်လိုရှိပြီး၊ ဘယ်လို အမျိုးအစားတွေက လူ့အခွင့်အရေးချိုးဖောက်ခံရတာများလဲ။
တိတိကျကျ ပြောဖို့တော့ ခက်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မြန်မာပြည်အရှေ့ တောင်ပိုင်းမှာ ကေအဲန်ယူ ခရိုင်(၇)ခုလုံးဖြစ်တယ်လေ။ ခရိုင်(၇)ခုလုံးအတွင်းမှာမှ စစ်မဲ့ စစ်ဘေးဒဏ်တွေသင့်နေကြတယ်။ ခရိုင်တစ်ခုချင်းစီမှာလည်းပဲ ဒီအခက်အခဲတွေကို ကြုံတွေ့ နေရတယ်။ အဲ့တာကြောင့်မို့လို့ ထွက်ပြေးတိမ်းရှောင်မှုကတော့ နေရာဒေသတိုင်းမှာ ခရိုင်(၇)ခုလုံးမှာ ရှိနေတယ်။ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ လုယက်မှု ပြည်သူပိုင်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးမှု အဲ့တာ တွေက နေရာဒေသတိုင်းမှာရှိနေတယ်။

သို့သော်လည်း ပိုပြီးဆိုးရွားတဲ့ ခရိုင်/တပ်မဟာကို ပြောရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ မှတ် တမ်းပြုစုချက်အရ တပ်မဟာ (၁)၊ တပ်မဟာ(၃)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆)၊ တပ်မဟာ(၄)တို့မှာ မကြာခဏဆိုသလို လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာတွေကို ကျနော်တို့ တွေ့ရှိရတယ်။ အဲ့ဒါကြောင့်မို့လို့ လူ့အခွင့်ရေးချိုးဖောက်မှုကတော့ ဒီခရိုင်တွေမှာ အဖြစ်များနေတာ ကိုတော့ တွေ့ရပါတယ်။

မေး- မြန်မာပြည်အရှေ့တောင်ပိုင်း အထူးသဖြင့် ကေအဲန်ယူနယ်မြေအတွင်းမှာ စစ်ရှောင်ရဲ့နောက်ဆုံး အရေအတွက် ဘယ်လောက်ရှိသလဲ။ အဲ့ဒီအထဲမှာ စစ်ရှောင်အမျိုးသမီးနဲ့ကလေးသူငယ်တွေအတွက် အကာအကွယ်မှုအပိုင်းမှာကော ဘယ်လိုရှိလဲ။
ကျနော်တို့ သိရှိရသလောက်ဆိုလို့ရှိရင်တော့ စစ်ဘေးရှောင်ဦးရေက ယခင်ကတည်းက ၆ သိန်း ကျော်ရှိထားခဲ့ တာကြာပြီး။ ဒါပေမဲ့ ယခုအချိန်ထိဆိုရင် ကရင်အမျိုးသားအစည်းအရုံး ဖော်ပြချက်အရ ဆိုရင် ၇ သိန်းနဲ့ အထက်မှာရှိနေတယ်လို့တော့ သိရတယ်။ စစ်ဘေးရှောင်ဦးရေက အမြဲတမ်းမ တည်ငြိမ်ဘူး။ ဘာလို့လဲဆိုရင် အခြေအနေပေါ်မူတည်ပြီးတော့မှ ရွာသားတွေက ထွက်ပြေးလိုက် ပြန်လာလိုက်ပေါ့နော်၊ တိုက်ပွဲတွေဖြစ် လို့ရှိရင်တော့ထွက်ပြေးတယ်။ မဖြစ်လို့ရှိရင်တော့ ကျေးရွာ အခြေအနေတည်ငြိမ်လို့ရှိရင်တော့ ပြန်သွားတယ်။ အဲ့ဒါကြောင့် ကျနော်တို့အနေနဲ့က စစ်ရှောင်တွေ အရေအတွက်အနေနဲ့ အချိန်နဲ့တပြေးညီ မှတ်တမ်းပြုစုနိုင်စွမ်း မရှိဘူး။

သို့သော်ငြားလည်း ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့်မို့ လတ်တ လော မှာတော့ ကရင်အမျိုးသားအစည်းအရုံးဖော်ပြချက်မှာတော့ စစ်ရှောင်တွေ ၇ သိန်းနဲ့ အထက် အများ အပြား ရှိနေတာကိုတော့ တွေ့ရတယ်။ စစ်ရှောင်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအတွက်က အကာ အကွယ်တွေ ရရှိနေပေမဲ့ မလုံလောက်ဘူးပေါ့နော်။ အထူးသဖြင့် စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီး တွေဆိုလို့ရှိရင် အမျိုးသမီးဆိုင်ရာ ကျန်းမာရေးပိုင်းဆိုင်ရာအကူအညီ၊ ထောက်ပံ့မှုပစ္စည်းတွေ ဆက်ပြီး တော့မှ လိုအပ်တယ်။ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေ စစ်ပြေးရှောင်နေရတာတွေ ၊ ပြေးနေ ရင်းနဲ့ မွေးဖွားနေရတဲ့ အမျိုးသမီးတွေအနေနဲ့ အထူးကျန်းမာရေးလိုအပ်ချက်တွေ ၊ ကလေးသူငယ် တွေအတွက်ရော ထို့နည်းတူပါပဲ။ မရရှိ တာတော့မဟုတ်ဘူး။ မလုံလောက်တဲ့ အနေအထားမှာရှိနေပါတယ်။

မေး-စစ်ဘေးရှောင်အတွက် အခြေခံစားနပ်ရိက္ခာအပိုင်းမှာကော အများစုဘယ်သူတွေက ထောက်ပံ့တာတွေရှိလဲ။ လုံလောက်မှု အတိုင်းအတာကရော ဘယ်လိုရှိလဲ။
စစ်ဘေးရှောင်တွေရဲ့ကူညီထောက်ပံ့မှုနဲ့ကြည့်မယ်ဆိုရင် အဓိက ကျနော်တို့ ကရင်ပြည်နယ်မှာ ဆိုလို့ရှိရင်တော့ KERT လို့ခေါ်တဲ့ Karen Emergency Response Team ဆိုတာရှိတယ်။ အဲ့ဒီမှာ ကရင်လူ့အဖွဲ့အစည်းကနေ ပြီးတော့မှ KHRG အပါအဝင် ပူးပေါင်းဖွဲ့စည်းထားတဲ့ အစုအဖွဲ့ ဆိုတာ ရှိတယ်။ အဲ့ဒါကလူသားချင်း စာနာထောက်ထားပြီး တုန့်ပြန်မှုပေါ့နော် လုပ်ထားတာတွေရှိပါတယ်။ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လိုအပ်တဲ့ လူသားချင်းစာနာထောက်ပံ့မှုတွေကို ကျနော်တို့ ကြိုးစားပြီးတော့ လုပ်ဆောင်ပေးနေတာမျိုး တွေရှိတယ်။ သို့ပေသော်ငြားလည်း ပြည့်စုံလုံလောက်မှုမရှိဘူး။

အချိန်နဲ့တပြေးညီ လုပ်ဆောင်ပေးနိုင်စွမ်းမရှိဘူး။ ဘာလို့လဲဆိုရင် ဒီအစုအဖွဲ့တွေအနေ နဲ့လည်းပဲ အကူအညီလိုအပ်တဲ့ ပြည်သူလူထုအရေအတွက်က များပြားတယ်။ ရှိနေတဲ့ ကူညီပံ့ပိုး နိုင်စွမ်းကလည်း မကိုက်ညီဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့်မို့လို့ ပြည့်စုံလုံလောက်မှုက မရှိဘူး။ လူသား ချင်းစာနာထောက်ထားမှု အကူအညီလို့ ပြောလိုက်တဲ့အခါမှာ အဓိက ဆန်၊ ဆီ၊ ဆား အဲ့ဒါတွေအပြင် အခြေခံစားနပ်ရိက္ခာမဟုတ်တဲ့ နေရာထိုင်ခင်းပေါ့နော်။ တာလပတ်၊ အမိုးအကာ၊ အဝတ်အစားစသဖြင့် ဒါတွေကိုလုပ်ဆောင်ပေးနေတာရှိတယ်။ ဒါတွေက ဆက်လက်ပြီးတော့မှ လိုအပ်နေဆဲပဲ ဖြစ်တယ်။

မေး- ကျေးရွာတွေမှာ လက်နက်ကြီးပစ်ခတ်တယ်။ လေကြောင်းနဲ့တိုက်ခိုက်တယ်။ လူနေအိမ် အရပ် သားထိခိုက်သေဆုံးတယ်။ အဲ့ဒီအပေါ်လူ့အခွင့်အရေးရှုထောင့်အနေနဲ့ ကြည့်ရင် ဒါကဘယ်လို ပစ်မှုမျိုးကို ကျူးလွန်နေလဲပြောပြပေးပါအုံး။
အရပ်သား ထိခိုက်သေဆုံးမှုကကျတော့ အဓိကဖြစ်ပွားစေတဲ့ အကြောင်းတရားကတော့ တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှု နောက်မြေမြှုပ်မိုင်း၊ တရားလက်လွတ်သတ်ဖြတ်မှု၊ ဘာလို့လဲဆိုလို့ရှိရင် အရှေ့တန်းမြေပြင်မှာ စစ်တပ်က စစ်ကြောင်း ထိုးတဲ့အခါမှာ ဒေသခံပြည်သူလူထုတွေက အချိန်မရွေးအဖမ်းဆီးခံရနိုင်တယ်။ အဖမ်းဆီးခံရတဲ့အခါမှာ လူသားဒိုင်းအဖြစ် အသုံးချခံရတတ်တယ်။ အသုံးပြုခံရပြီးနောက်ပိုင်းမှာ သတ်ဖြတ်ခံရတတ်တယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ ရွာသားတွေက ဖမ်းဆီးခံရတယ်ဆိုလို့ရှိရင် သတ်ဖြတ်ခံရတယ်။ ဒါတွေက တိုက်ပွဲနဲ့ဆက်စပ်ပြီးတော့မှ ဖြစ်ပွားပြီးတော့ ထိခိုက်သေဆုံးမှု အခြေအနေ။

နောက်တစ်ခါ လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှု အခြေအနေတွေကတော့ ပုံမှန် ဖြစ်လေ့ ဖြစ်ထရှိတဲ့ ဆိုးကျိုးသက်ရောက်မှုတစ်ခုပါ။ ဒီလိုမျိုးအားဖြင့်လည်းပဲ ဒေသခံအများအပြား အသက်ဆုံးရှုံးကြရတာ အများကြီးရှိပြီး ထိခိုက်ဒဏ်ရာရတာလည်း အများကြီးရှိတယ်။ ဒီလိုဟာတွေက ကျနော်တို့ ကြည့်လိုက်မယ် ဆိုလို့ရှိရင် (၁)အချက်က ပြည်သူလူထုရဲ့ အသက်ဘေးကင်းလုံခြုံခွင့် အခွင့် အရေးကို လုံးဝကို ဆိုးဆိုး ရွားရွားထိခိုက်စေတယ်။

(၂)အချက်က သူ့ရဲ့အသက်ရှင်သန်ခွင့်အခွင့်အရေးကို လုံးဝထိခိုက်စေတယ်။ ဒါလူ့အခွင့်အရေး ရှု ထောင့်အနေနဲ့ကကျတော့ ဘေးကင်းလုံခြုံခွင့်နဲ့ အသက်ရှင်သန်ခွင့်ကို ထိခိုက်စေတယ်။ နောက်ဒီလိုမျိုး လုပ်ဆောင်ခြင်း အားဖြင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ရာ ရောက်သလို ဒါက စစ်ရာဇဝတ်မှုမြောက်ပါတယ်။

မေး- ဒီလ ၉ ရက်နေ့မှာ ပူပူနွေးနွေးဖြစ်ပွားခဲ့တဲ့၊ လူအများအပြားသေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မုန်လိုက်ခက် စစ်ရှောင်ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုအပေါ် KHRG အနေနဲ့ ဘယ်လိုပြောချင်လဲ။
ဒီအာဏာသိမ်းစစ်တပ်အနေနဲ့ကကျတော့ မည်သည့်ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှု မျိုးကိုမဆို ကြီးလေးတဲ့ စစ်ရာဇဝတ်မှုမျိုးကိုမဆို သူတို့ကဘာကိုမှ ဂရုမစိုက်ဘဲနဲ့ ဆက်လက်ပြီးတော့မှ ကျူးလွန်နေမှာပဲ။ လုပ်ဆောင်နေမှာပဲ။ ဘယ်နေရာ ဘယ်ဒေသမှ မဆို ဒါကတော့ ဖြစ်ပွားနေကြနေရာပဲ။ ဒီလိုမျိုး ကချင်ဒေသ၊ ချင်းဒေသ၊ ကရင်နီဒေသ၊ ကရင်ဒေသ ဒါတွေဟာ ကျနော် တို့တွေ့မြင်နေကြ စစ်အာဏာသိမ်းပြီးကတည်းက ဆိုးရွားတဲ့ ချိုးဖောက်မှုတွေဖြစ်တယ်။

လိုင်ဇာမှာဖြစ်ပွားခဲ့တဲ့ကိစ္စကလည်း ဆိုးရွားတဲ့ကိစ္စရပ်ဖြစ်တယ်။ ဒီလိုလုပ်ရပ်ဟာ ပြည်သူ တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကနေပြီးတော့မှ ပြည်တွင်းအဆင့်သော်လည်းကောင်း၊ နိုင်ငံတကာ အဆင့်သော်လည်းကောင်းထိထိ ရောက်ရောက်နဲ့ ဝိုင်းဝန်းပြီးတော့မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ကျနော်တို့အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုပြီး။ ဒါမှ မလုပ်ဆောင်နိုင်ဘူး ဆိုလို့ရှိရင်တော့ ပြည်သူ လူထုတွေက ဆက်လက်ပြီးတော့မှ အသက်ဆုံးရှုံးနေကြရမှာပဲ။ လူ့အခွင့်အရေးချိုးဖောက်မှုက ဆက်လက်ပြီးတော့မှ ဆိုးရွားနေမှာဖြစ်တယ်။

မေး- ကရင်ဒေသအပါအဝင် တစ်နိုင်ငံလုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရှိစေဖို့ သက်ဆိုင်ရာအဖွဲ့အစည်း နိုင်ငံအသီးသီးက ဘယ်လိုလုပ်ဆောင်သင့်သလဲ။
နိုင်ငံတကာ အစုအဖွဲ့အနေနဲ့ကတော့ မလုပ်ဆောင်တာတော့ မဟုတ်ဘူး။ သူတို့မှာကလည်း လုပ်ထုံးလုပ်နည်းက အဆင့်ဆင့်ရှိတဲ့အပေါ်မှာတော့ အားမလိုအားမရဖြစ်တာကတော့ ဖြစ်တယ်။ အဲ့ဒါ ကြောင့်မို့ ဒီထက်ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမျိုးကို အရှိန်အဟုန်တိုးပြီးတော့မှ ဆောင်ရွက် စေချင်တယ်။ ဒီစီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေက လုပ်ဆောင်နေဆဲပဲပေါ့နော်။ ဒီထက် ပိုပြီး တော့ထိထိရောက်ရောက် လုပ်ဆောင်စေချင်တယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာဖို့အတွက် သက်ဆိုင်ရာနိုင်ငံတကာအသီးသီးကနေပြီးတော့မှ ဒါတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်ဖို့ လိုအပ်တယ်။

သူတို့ဒီလိုမျိုးပဲ ဖြည်းဖြည်းချင်းစီ လုပ်ဆောင်နေမယ်ဆိုလို့ရှိရင် အချိန်ကာလ ဒီလိုမျိုးပဲ ကြာမြင့် သွားမှာဖြစ်သလို လူ့အခွင့်အရေးဆိုးရွားမှု အခြေနေကလည်းပဲ ကြာရှည်သွားမှာပေါ့နော်။ အဲ့ဒါကြောင့် မို့လို့ နိုင်ငံတကာအစုအဖွဲ့တွေနဲ့သူတို့ကတော့ ဘာတွေလုပ်ဆောင်သင့်တယ်၊ ဘာတွေ ဆောင်ရွက်သင့် လဲဆိုတာကတော့ သူတို့သိမြင်နေပြီးဖြစ်တယ်။ မြန်မာနိုင်ငံအတွင်း ဘာတွေဖြစ်နေ လဲဆိုတာ သက်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အစည်းတွေက တောင်းဆိုပြီးပြီ အကြုံပြုပြီးပြီဖြစ်တယ်။ အဲ့ဒါကြောင့် မို့လို့ သူတို့အနေနဲ့ လျင်မြန် စွာလုပ်ဆောင်စေချင်တယ်လို့တော့ ပြောချင်တယ်။