အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ ယာဒိုဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖြစ်ပွား ခဲ့သော တိုက်ပွဲများကြောင့် လေးလကျော်ကြာမြင့်သည်အထိ နေအိမ်မပြန်နိုင်သော စစ်ရှောင်များ ရာသီတုပ်ကွေးဖြစ်ပွားမှုများလာပြီး ဆေးဝါးလိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။
ဇူလိုင်လ(၁၁)ရက်နေ့မှစ၍ စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပါဝင်သော တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားရာ ယာဒိုဒေသသို့ စစ်ကောင်စီဘက်မှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ပြီးနောက် ဒေသခံများ၏အိမ်များအတွင်း ယနေ့အထိ တပ်စွဲနေထိုင်ကြသဖြင့် ယာဒိုစစ်ဘေးရှောင်များ နေရပ်မပြန်နိုင်ကြခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
၎င်းက“ရာသီတုပ်ကွေးက အဓိကအဖြစ်များလို့ ဆေးတွေလိုတာပါ။ ဆေးမလုံ လောက်လို့ စစ်ရှောင်တော်တော်များများဖျားကြတယ်လေ။ ယာဒိုရွာထဲမှာကိုကလည်း စစ်တပ်စခန်း ရှိသေးတယ်။ အဲဒါကြောင့်မနေရဲကြတာ ယာဒိုစစ်ရှောင်တွေက အခုရွာ အစွန်မှာရှိတဲ့ တောတွေထဲမှာပဲ နေနေကြရတယ်။ လက်ရှိ စစ်တပ်ဂိတ်နဲ့ တအားနီးတော့ အလှူရှင် မရောက်တဲ့သဘောပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
ယာဒိုဒေသသည် စစ်တပ်ဂိတ်စခန်းများနှင့်နီးကပ်သည့်အပြင် အခြားနီးစပ်ရာဂိတ် စခန်းများမှလည်း အစစ်အဆေးများပြားခြင်းကြောင့် စစ်ရှောင်ကူ အဖွဲ့အချို့သာရှိသည့်အခြေအနေတွင် လူဦးရေနှင့် ထောက်ပံ့မှုမမျှတခြင်းဖြစ်သည်ဟု အဆိုပါစစ်ရှောင်ကူက ဆက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၂) ထိန်းချုပ်သည့် တောင်ငူခရိုင်ရှိ သံတောင် ကြီးမြို့နယ်အတွင်း ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW မှ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိသော်လည်း လက်လှမ်းမမီနိုင်သေးသော တချို့ဒေသများလည်း ရှိနေကြောင်း KDHW ထံမှ သိရသည်။

“လက်ရှိလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ တတ်နိုင်သလောက်တော့ ပေးနေ တုန်းပဲ။ သံတောင်ကြီးမှာလည်း ထိုနည်း၎င်းပဲ၊ အဲဒီမှာ ကျနော်တို့ပေးနေတဲ့ နေရာတွေက အများကြီးရှိတယ်။ သံတောင်မြောက်ပိုင်းက ရွာလေးတွေကိုတော့ သိပ်မသေချာဘူး” ဟု KDHW မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇူလိုင်လအတွင်းက စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ပေါင်း(၃၃)ကြိမ်အထိ လုပ်ဆောင်ခဲ့သောကြောင့် ယာဒိုနှင့်အနီးရှိ ဝါသောခို၊ တပ်ကုန်းကျေးရွာ အစရှိသည့်ကျေးရွာများမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်အ ဆောက်အဦးများနှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများပြားခဲ့ရကြောင်း KNU ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇွန်လပိုင်းကလည်း အင်အားအများအပြားနှင့် စစ်ကောင်စီတပ်များက ယာဒို ဒေသဘက်သို့ ဝင်ရောက်တပ်စွဲလာမှုကြောင့် ဒေသခံအချို့ နေရပ်စွန့်ခွာထွက်ပြေး ခဲ့ရသေးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် KNU ၏ တောင်ငူခရိုင်တွင် ပဋိပက္ခများကြောင့် နေရပ်စွန့် ခွာထွက်ပြေးနေရသူ (၂၀,၁၅၂) ဦးရေရှိကြောင်း KNU ၏ အောက်တို ဘာလ(၁၄)ရက်နေ့က စာရင်း ထုတ်ပြန်ချက်အရ သိရသည်။



















