Home သတင်း လှိုင်းဘွဲမြို့တွင် ည (၈) နာရီနောက်ပိုင်း သွားလာသူများကို ပစ်မိန့်ပေးထား

လှိုင်းဘွဲမြို့တွင် ည (၈) နာရီနောက်ပိုင်း သွားလာသူများကို ပစ်မိန့်ပေးထား

957

အောက်တိုဘာ ၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့အတွင်း ယခုအောက်တိုဘာလမှစပြီး ည(၈)နာရီကျော်လျှင် တာဝန်ရှိသူမှအပ ဖြတ် သန်းသွားလာမှုလုပ်ဆောင်သူများကို စစ်ကောင်စီမှ ပစ်မိန့်ပေးထားကြောင်း မြို့ခံများက ပြောသည်။

ကရင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အသစ်ပြောင်းလဲ ခန့်အပ်လိုက်ပြီးနောက် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးသည့် လှိုင်းဘွဲမြို့နယ်တွင် ယခင်ကထက်လုံခြုံရေး စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာပြီး ည ၈ နာရီနောက်ပိုင်းသွားလာသူများကို ပစ်ခတ်မည်ဟု ဂိတ်စောင့်စစ်ကောင်စီတပ်သားများက ပြောဆိုကြောင်း ကိုယ် တွေ့ ကြုံရသည့် ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “စကစက ထုတ်ပြန်တာက အဲ့လမ်းမှာ ညဘက်သွားရင်ပစ်မယ်။ ပစ်ခွင့်ပေးထားတယ်။ တစ်ခုခု ဖြစ် လာရင် သူတို့မှာ တာဝန်မယူဘူးတဲ့။ သူတို့က စာနဲ့ တရားဝင်ထုတ်ထားတာမဟုတ်ဘူး။ ဂိတ်စောင့်တွေက နုတ်နဲ့ပဲ ပြောတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ပစ်မိန့်ပေးထားခြင်းကို စစ်ကောင်စီအနေဖြင့် တရားဝင်လိုက်လံအသိပေးခြင်းနှင့် တရားဝင် စာထုတ် ပြန်ထားခြင်းမျိုးမဟုတ်ဘဲ နုတ်မိန့်ဖြင့်သာ ပြောဆိုထားပြီး ယခုလိုလုံခြုံရေးတိုးမြှင့်စစ်ဆေးခြင်း၊ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်ခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရောင်းဝယ် ရေး လုပ်ငန်းများလုပ်ဆောင်ရန်အတွက်သွားလာလျှင် မှားယွင်းဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောင်းလည်း ဒေသ ခံများက ပြောသည်။

“စကစဘက်က သတင်းအမျိုးမျိုးတွေ ကြားနေရတယ်။ သူတို့လည်း ကြောက်နေကြတယ်။ ဒါကြောင့် အခုလို အမိန့်ထုတ်တာ။ အရင်ကထက် ဖမ်းဆီးတာ‌တွေများတော့ သွားလာရင် မှားဖမ်းမှာ ကိုစိုးရိမ်နေတယ်။ ”ဟု စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လှိုင်းဘွဲမြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာမှု မရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာဂိတ်၊ စခန်းများကို ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်မှုများရှိနေကြောင်း ၎င်းစစ်ကောင်စီနှင့် နီးစပ်သူက ဆက်ပြောသည်။

ယခုလို ညအချိန် ပစ်မိန့်ထုတ်ထားသောကြောင့် ဒေသခံများအနေဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် သွားလာရမည်ဆိုပါက အခက်အခဲများစွာဖြစ်ပေါ်နိုင်သည်ဟု လှိုင်းဘွဲမြို့ပေါ် ဒေသခံတစ်ဦးက သုံး သပ်ပြော ဆိုသည်။

ထိုမြို့ခံက “အခုလိုအမိန့်ထုတ်ထားတော့ ဒေသခံတွေက ကြောက်လန့်တာပေါ့။ ညဘက်မှာသူတို့ရှိတဲ့နေရာနားကို ဘယ်သူမှ မသွားရဲတော့ဘူး။ အချိန်မတော် ကျန်းမာရေးကိစ္စတွေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲပေါ့။ သူတို့ ကြောက်လို့ အခုလိုထုတ်တာ”ဟု ပြောသည်။

စစ်တပ်အာဏာသိမ်ပြီးနောက် လှိုင်းဘွဲမြို့တွင် စစ်ကောင်စီမှ ညမထွက်ရ အမိန့်နှင့် ပစ်မိန့်ပေးထားပြီး ၎င်းအမိန့်များကို နယ်မြေခံ လက်နက်ကိုင်ဖြစ်သော နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင်များမှ ပြန်လည်ရုပ်သိမ်း‌စေခဲ့သည်။ ယခုနှစ် အောက်တိုဘာလမှ စတင်ကာ စစ်ကောင်စီဘက်မှ ပြန်လည်ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။