Home သတင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ တင်သွင်းချက်အပေါ် NUGနှင့် အရပ်ဖက်အဖွဲ့များ ကြိုဆို

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ တင်သွင်းချက်အပေါ် NUGနှင့် အရပ်ဖက်အဖွဲ့များ ကြိုဆို

1048

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက အာဏာစွန့်လွှတ်နိုင်ဖွယ်ရာမရှိသဖြင့် မြန်မာအရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံ-ICC သို့ လွှဲပြောင်းပေးရန် အပါအဝင် အကြံပြုချက်(၅)ချက်ပါ အစီရင်ခံစာအား ကုလသမဂ္ဂလူ့ အခွင့်အရေး ကောင်စီ၏ (၅၄)ကြိမ်မြောက် ညီလာခံတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာ မင်း ကြီးက တင်သွင်းခဲ့သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အရပ်ဖက်အဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ(၂၆)ရက်နေ့က ပြုလုပ်ကျင်းပခဲ့သော အဆိုပါ ညီလာခံတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများနှင့် စစ်ကောင်စီ၏အကြမ်းဖက်မှုများ ပါရှိသော အစီရင်ခံစာသစ်အား တင်သွင်းအကြံပြုထားသည့်အပေါ် NUG အပါအဝင် ကရင်လူ အခွင့် အရေး (KHRG)၊ ဒီမိုကရက်တစ်လူငယ်ကောင်စီအစရှိသည့် အရပ်ဖက်အဖွဲ့များက ကြိုဆိုကြောင်း ထုတ်ပြန်ပြောဆိုထားကြခြင်းဖြစ်သည်။

စစ်ကောင်စီကို နိုင်ငံတကာမှ ဖိအားပေးနိုင်ရေး ကမ္ဘာကို တွန်းအားပေးနိုင်ရန် လူ့အခွင့်အရေး မဟာ မင်းကြီး၏ တစိုက်မတ်မတ် ကြိုးပမ်းမှုအပေါ် အထူးကျေးဇူးတင်ရှိပြီး အစီရင်ခံစာပါ အကြံပြုချက် များကိုလည်း ထောက်ခံကြောင်း ယမန်နေ့ စက်တင်ဘာလ(၂၈)ရက်နေ့က ထုတ်ပြန်သည့် NUG၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ NUG ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီအပါအဝင် နိုင်ငံအတွင်း လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်ကျုးလွန်နေသော တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည် ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း NUG အနေဖြင့်လည်း အရပ်သား ကာ ကွယ်မှုနှင့် သက်ဆိုင်သော စံနှုန်းများအရ အစိုးရတာဝန်ကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။

ဆက်လက်၍ မြန်မာနိုင်ငံအတွင်း မဟာမင်းကြီးရုံးဖွင့်လှစ်နိုင်ရန် ကြိုးပမ်းမှုနှင့်အတူ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးကိုယ်စားလှယ်နှင့် လုပ်ပိုင်ခွင့်ရှိသူများ၊ လွတ်လပ်သော စုံစမ်းရေးယန္တရား၊ ဒေသနှင့် နိုင်ငံတကာဆိုင်ရာ တာဝန်ခံမှု ယန္တရားနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လုပ်ဆောင်မည်ဖြစ်သည်ဟုလည်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အစီရင်ခံစာတင်သွင်းမှုနှင့်ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောခွင့်ရသူ စောနန္ဒဆူးက “လူ့အခွင့်ရေးအခြေပြု အဖွဲ့တွေသာမက တခြားသက်ဆိုင်ရာအဖွဲ့စည်းတွေအနေနဲ့လည်း ဒါဟာ တောင်းဆိုနေတဲ့အရာပါ။ ဒီလိုမျိုးနိုင်ငံတကာ ရာဇဝတ်မူဥပဒေ လူ့အခွင့်အရေးကြီးလေးတဲ့ပြစ်မှုတွေကို တာဝန်ယူမှုတာဝန်ခံမှုရှိလာဖို့၊ တရားမျှတမှုရှိလာအောင် လုပ်ဆောင်ဖို့ကအရေးကြီးတယ်။ ဒီတောင်း ဆိုထားတဲ့အတိုင်း လက်တွေ့ကျကျ အလျင်အမြန် ပြုလုပ်ပေးမယ်ဆိုရင် အင်မတန်မှ ဝမ်းသာစရာကောင်းတယ်”ဟု ကေအိုင်စီသို့ သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ဆိုးဝါးသော အကြမ်းဖက်မှုများကို မှတ်တမ်းတင်တိုင်းတာထားသည့် အစီရင်ခံစာ(၈) ခုနှင့်အတူ မြန်မာနိုင်ငံ၏ နောက်ဆုံးရအခြေအနေအရပ်ရပ်အား ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ မှစ၍ လူ့ အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက ထုတ်ပြန်ဖော်ပြခဲ့ပြီးဖြစ်သည်။ စက်တင်ဘာလက အစီရင်ခံ တင်ပြ လိုက်သည့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာပါအချက်များနှင့်ပတ်သက်ပြီး စစ် ကောင်စီဘက်မှ ကန့်ကွက်တုန့်ပြန်ထားကြောင်း သိရသည်။