စက်တင်ဘာ ၁၁ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီခန့် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးမှူး ဦးကျော်ကျော်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးဟောင်း ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့ ပါဝင်ပတ်သက်မှုရှိသည့် ဖားအံမြို့နယ်မြို့ပြစီမံကိန်း အကောင်အထည်ဖော်မှုအတွင်း ဒေသခံများ၏မြေယာသိမ်းဆည်းခံထားရမှုနှင့်ပတ်သက်ပြီး နစ်နာသူများအား ယနေ့ထိတိုင်ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဟု မြေသိမ်းခံထားရသူများထံမှ သိရသည်။
ဖားအံမြို့နယ် တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် လယ်ယာမြေသိမ်းဆည်းခံထားရသည့် ဒေသခံလူထု ၁၇၇ ဦးအပြင် လှာကမြင်ကွက်သစ်၊ တောင်ကလေးစက်မှုဇုံစီမံကိန်းနှင့် မြိုင်ကလေးတန် ၄ဝဝဝ၊ တန် ၉ဝဝ ဘိလပ် မြေစက်ရုံစီမံကိန်းများကြောင့် ဒေသခံလူထုများ၏မြေယာများ နစ်နာခဲ့မှုများအပေါ် တာဝန်ရှိသူများမှ ယနေ့ အချိန်ထိတာဝန်ယူဖြေရှင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသလို ဒေသခံအချို့မှာလည်း စစ်ကောင်စီ၏ ဖမ်းဆီးချုပ် နှောင်ထားခြင်းခံနေရသည်ဟု သိရသည်။
“ နယ်လုံဝန်ကြီးမျိုးမင်းနောင်က တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းမှာ သူလုပ်ထားတာတွေရှိတယ်။ အရင်အစိုး ရလက်ထက်တုန်းက မသတ်မှတ်ထားတဲ့ ရွာထဲကမြေကွက်တွေ သူကအကွက်ဖော်ပြီးတော့ ရောင်းထားတယ်။ ဦးစီးမှူးဦးကျော်ကျော်ကလည်း မြေယာကိစ္စကြောင့် ရွာသားတွေကို တရားစွဲဆိုပြီး အချုပ်မှာဖမ်းဆီးထားတာ ရှိတယ်။ အခြားနေရာတွေမှာလည်း သူတို့ပတ်သက်မှုရှိတယ်ပေါ့နော်” ဟု ဖားအံမြို့ခံတစ်ဦးက ကေအိုင်စီ သို့ပြောသည်။
စံဖရီးကျေးရွာအုပ်စုအတွင်းရှိ ခြေမြန်တပ်မဌာနချုပ် ၂၂ မှ သိမ်းယူထားခဲ့သည့် ဒေသခံမြေများအား ပြန်လည်စွန့် လွတ်ခဲ့ပြီးနောက် ယခင်ကရင်ပြည်နယ်အစိုးရက မြို့ပြစီမံကိန်းမြေအဖြစ် ပြန်လည်အကောင်အထည်ဖော်ဆောင်ခဲ့သည်။
စီမံကိန်းများနှင့် မြေယာအကောင်အထည်ဖော်မှုလုပ်ငန်းတွင် မြေယာနစ်နာသွားခဲ့ကြသည့် ဒေသခံလူထုများအား ပြန်လည်၍ မြေယာအစားထိုးချထားပေးမည်ဟု ယခင်ဖားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်က ပြောဆိုခဲ့ သော်လည်း တပ်စွန့်မြေများနှင့်ပတ်သက်ပြီး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်လုံဝန်ကြီးမှ အခွင့်အာဏာအသုံးပြုကာ မြေယာစီမံမှူး ဦးကျော်ကျော်တို့နှင့်ပေါင်းပြီး မြေယာရယူသိမ်းဆည်းထားမှုရှိသည်ဟု ဒေသခံလူထုများက ပြောဆိုသည်။
ဖားအံမြို့ စီမံကိန်းလုပ်ငန်းများနှင့် မြေယာအကောင်အထည်ဖော်မှုလုပ်ငန်းတွင် နယ်လုံဝန်ကြီးမျိုးမင်းနောင်နှင့် မြေယာစီမံမှူးဦးကျော်ကျော်တို့ ဒေသခံများ၏ မြေယာများသိမ်းဆည်းမှုတွင် ပါဝင်ပတ်သက်မှုရှိနေသည်ဟု ပြောဆိုချက်များအပေါ် ၎င်းတို့အား ကေအိုင်စီ -ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်၍မရပေ။ စွန့်လွတ် လိုက်သည့် တပ်ပိုင်မြေများတွင် စီမံကိန်းမြေအဖြစ် ပြန်လည်အသုံးချသည့်နေရာတွင် နယ်လုံဝန်ကြီးအနေဖြင့် ပါဝင်ပတ်သက်မှုရှိနေနိုင်ပြီး ပြည်နယ်အစိုးရမှာလည်း တာဝန်ရှိသည်ဟု အဆိုပါမြေယာအငြင်းပွားမှုတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။
“ အရင်အစိုးရက လုပ်ထားတဲ့လုပ်ငန်းတွေ အခုအစိုးရက ပြန်လည်အကောင်ထည်ဖော်တာ အသိမှတ်ပြုတာ ဖြစ်ရမယ်လေ။ ဦးကျော်ကျော်တရားလိုလုပ်ပြီး နစ်နာသူစံပံနှုံရွာသား ၂ ဦးကို အကျဉ်းထောင်အချုပ်မှာဖမ်းဆီး ထားတယ်။ အခုသူတို့တွေ အမှုရင်ဆိုင်နေရတယ်။ မျိုးမင်းနောင်က အရင်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် သတ်မှတ်ထားတဲ့ နေရာမဟုတ်တဲ့နေရာတွေပါ ပြန်ဖော်ဆောင်တော့ ရွာသားမြေတွေ ထိတယ်။ KNU အချို့ သူတို့မြေပေးထားတာလည်း ရွာသားမြေတွေဖြစ်နေတာရှိတယ်။ ဘယ်အကွက်က အရာရှိစစ်ဗိုလ်တွေ ဝန်ထမ်း တွေ မြေဆိုပြီး သူတို့လုပ်ထားတာရှိတယ်” ဟု စံဖရီးရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ယခင် ကရင်ပြည်နယ်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မပြီးစီးသေးသည့်စီမံကိန်းလုပ်ငန်းများနှင့် မြေယာအကောင်ထည်ဖော်မှုလုပ်ငန်းများ စစ်ကောင်စီမှပြန်လည်ဖော်ဆောင်ခဲ့ရာတွင် ဒေသခံလူထုများ နစ်နာနေသလို အဂတိလိုက်စားမှုများလည်းရှိနေသည်ဟု မြို့ခံလူထုများက ပြောဆိုသည်။ လဝက ဌာန၊ မြေစာရင်းဌာနနှင့် မြေယာစီမံခန့်ခွဲမှုဌာနတို့တွင် အဂတိလိုက်စားမှုအများဆုံးရှိနေသည်ဟု မြို့ခံလူထုများထံမှ သိရသည်။



















