Home သတင်း ပစ်ခတ်မှုများကြောင့် ကျိုက်ထို-ဘီးလင်းအစပ် ကျေးရွာဒေသခံများ နှစ်လနီးပါး နေ အိမ်မပြန်နိုင်သေး

ပစ်ခတ်မှုများကြောင့် ကျိုက်ထို-ဘီးလင်းအစပ် ကျေးရွာဒေသခံများ နှစ်လနီးပါး နေ အိမ်မပြန်နိုင်သေး

902
Photo: Crd.

စက်တင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အစပ် ကျေးရွာများတွင် ထိ တွေ့တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဇူလိုင်အတွင်းမှစ၍ စစ်ဘေးတိမ်းရှောင်ရသော ဒေသခံများသည် စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ရှိနေ သေးသဖြင့် နေအိမ်မပြန်နိုင်သည်မှာ နှစ်လနီးပါးရှိလာပြီဖြစ်ကြောင်း နယ်မြေ တာဝန် ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ဇူလိုင်လ တတိယအပတ်အတွင်းက ပိတောက်တော၊ ဇီးကုန်းနှင့် ကရဝေးဆိပ် အစရှိ သည့်ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အထက်ပါ ကျေးရွာများမှ ဒေသခံ(၅၀၀)ခန့်သည် နီးစပ်ရာတွင် လက်ရှိအချိန်ထိ တိမ်းရှောင်နေ ထိုင်ရခြင်းဖြစ်သလို ထောက်ပံ့ကူညီမှုများလည်း လိုအပ်နေသည်ဟု ဘီးလင်းမြို့နယ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုထိ ရှောင်နေရတုန်းပဲ အဝေးကြီးတော့မဟုတ်ဘူး။ နီးစပ်ရာရွာတွေဘက်ပေါ့။ တချို့ကတော့ ဟိုတောင်စွန်းဘက်ကို ဆင်းပြေးကြတယ်။ လောလောဆယ် သက်ဆိုင်ရာဘက်ကတော့ လူစာရင်း ကောက်ထားခိုင်းတယ်။ ဘယ်သူမှတော့ လာမ ကူကြသေးဘူး။ ဘာမှလည်း အကူအညီမပေးရသေးဘူး။ နီးစပ်ရာရွာတွေက အချင်း ချင်းပြန်ကူထားရတာပဲရှိတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါကျေးရွာများဘက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွား ပြီးသည့်နောက်ပိုင်းလည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ဆက်လက်ပစ် ခတ် နေသဖြင့် နေရပ်ပြန်မနေရဲကြခြင်းဖြစ်ကြောင်း ဒေသခံများဘက်က ဆိုသည်။

ထို့အတူ စစ်ကောင်စီသည် အဆိုပါကျေးရွာနှင့်အလှမ်းဝေးသောနေရာများတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းရှိသလို စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်း သွားလာ မှုများပြုလုပ်လျှင်လည်း အရပ်သားများ နေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိကြောင်း ဘီးလင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တာဝန်ရှိသူက “တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်းလည်း သူတို့က(စစ်ကောင်စီ) လက်နက်ကြီးထုတာ။ အဲဒီတော့ ရွာတွေထဲကိုကျတာ သူတို့ယာဥ်တန်းတွေဖြတ်ဖို့ လမ်းကြောရှိတဲ့ အချိန်ဆိုရင်လည်း အဲ့လိုပဲ လက်နက်ကြီး လှမ်းလှမ်းပစ်တာ။ ဒါကြောင့် ရွာသားတွေပြန်မနေရဲသေးကြတာ။” ဟု ပြောသည်။

အလားတူ ယခုစက်တင်ဘာလ ပထမအပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ဘီးလင်းမြို့နယ် အလူးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုတွင်လည်း သပြေနီ သံတံတားရှိ စစ်ကောင်စီတပ်စခန်းမှ ဇီးကုန်းနှင့်ပိတောက်တော ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

အာဏာသိမ်းကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်အတွင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ၊ စစ်ကောင်စီ၏ ကျေးရွာအတွင်းစစ်ကြောင်း ထိုးဝင်ရောက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ တစ်သိန်းကျော်ရှိနေပြီး စစ်ရေးပဋိပက္ခကြောင့် သေဆုံးသူ အရပ်သား ၂၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော်ရှိကြောင်း ကရင် အရပ်ဖက်အဖွဲ့များ၏မှတ်တမ်းပြုစုချက်အရ သိရသည်။