Home သတင်း စာသင်ကျောင်းများ ဆက်လက်တိုက်ခိုက်သည့် စစ်ကောင်စီကို တိုးချဲ့ပိတ်ဆို့မှုများလုပ်ရန် နိုင်ငံတကာအား KNU တောင်းဆို

စာသင်ကျောင်းများ ဆက်လက်တိုက်ခိုက်သည့် စစ်ကောင်စီကို တိုးချဲ့ပိတ်ဆို့မှုများလုပ်ရန် နိုင်ငံတကာအား KNU တောင်းဆို

1099
Photo: CJ

စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်တပ်မဟာ(၅)တွင် စာသင်ကျောင်းနှင့် လူနေအိမ် အ ဆောက်အဦးများကို လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်လုပ်ဆောင်နေသည့် စစ်ကောင်စီကို နိုင်ငံ တကာအဖွဲ့ အစည်းများမှ ပိတ်ဆို့အရေးယူမှု တိုးချဲ့လုပ်ဆောင်ရန် ကေအဲန်ယူက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာ ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၇)ရက်နေ့တွင် မူတြော်ခရိုင် လူသောမြို့နယ်နှင့် ဒွယ်လိုးမြို့နယ်တို့တွင် တစ်ရက် အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၃)နေရာ လုပ်ဆောင်ခဲ့ပြီး လူနေအိမ်အဆောက်အဦးအပါအဝင် စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်သောကြောင့် ကျောင်းဆရာ(၁)ဦးနှင့် ကျောင်းသား(၄)ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကေအဲန်ယူနယ်မြေအတွင်းရှိ စာသင်ကျောင်းများကို တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက “တပ်မဟာ(၅)မှာ လေယာဉ်တွေနဲ့သုံးပြီး စာသင်ကျောင်းတွေကို ပစ်မှတ် ထားပစ် ခတ်တာဟာ (၁)အချက်က ကျနော်တို့တွေရဲ့မျိုးဆက်သစ်ပညာရေးကို ဖျက်ဆီးစေချင်တာဖြစ်တယ်။ နောက်ပြီး ကျနော်တို့ရဲ့ KECD (ပညာရေးဌာန)ရဲ့ ပညာရေးလမ်းကြောင်းတွေကို ဖျက်ဆီးစေချင်တာလည်းပါတယ်လို့ ပြောလို့ရတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့်အခု ကျေးရွာပေါင်း (၆)ရွာက လူထုတွေ တိမ်းရှောင် နေရတာဖြစ ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရသည့် နေရာ(၃)ခုတွင် လူသာမြို့နယ် ခေးပူကျေးရွာအုပ်စု သေသူးခီးကျေးရွာ၊ လယ်မူပလောကျေးရွာအုပ်စု ကော်ရော်ဘောထကျေးရွာနှင့် ဒွယ်လိုးမြို့နယ် နာကိုးခီးကျေးရွာအုပ်စု ထီးကော် ထာရွာတို့ဖြစ်ပြီး စစ်ကောင်စီက ဂျက်လေယာဉ်နှင့်ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်တိုက်ခိုက်သောကြောင့် ကျောင်းဆရာနှင့် ကျောင်းသားအပါအဝင် သေဆုံးသူ (၅)ဦးရှိသည့်အပြင် ကျောင်းဆရာမ(၁)ဦး ကျောင်း သား(၅)ဦးနှင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ စက်တင်ဘာလ (၇)ရက်နေ့က ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် စာသင် ကျောင်း(၁)ကျောင်း၊ ဘော်ဒါဆောင်(၁)လုံး၊ ဘုရားကျောင်း(၁)ကျောင်း၊ ဝတ်ပြုဆုတောင်းရာ(၁)နေရာနှင့် လူနေအိမ်(၁၀)လုံးထိခိုက်ပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

ထို့အပြင် စစ်ကောင်စီက စစ်ရာဝတ်မှုကျူးလွန်ပြီး ပြောင်ပြောင်တင်းတင်းပြည်သူများကို လေကြောင်း တိုက် ခိုက်မှုပြုလုပ်ခြင်းသည် ဥပဒေမဲ့ကျူးလွန်ခြင်းဖြစ်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများသော်လည်းကောင်း၊ နိုင်ငံတကာတရားရေးယန္တရားမှ သော်လည်းကောင်း၊ ဒေသအတွင်း အဖွဲ့ အစည်းများဖြစ်သည့် အာဆီယံ(ASEAN)နှင့် ၎င်းအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ အစည်း များအနေဖြင့် ပိုမိုထိရောက်သည့် လက်တွေ့ကျနည်းလမ်းများဖြင့် တိုးချဲ့ပိတ်ဆို့ အရေးယူ ဆောင်ရွက်ကြ ရန်ကိုလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်းရှိ‌ဒေသခံများ ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းယူနေသည့် ကရင်လူအခွင့်အရေးအဖွဲ့- KHRG ၏ ပြောခွင့်ရ စောနန္ဒဆူးက လည်း စစ်ရေးနည်းဗျူဟာအဖြစ် စာသင်ကျောင်းများကိုပစ်မှတ်ထားပစ်ခတ်ခြင်းသည် ကြီးမားသည့်လူ့အခွင့် အရေးတစ်ရပ်ကို ချိုးဖောက်နေခြင်းဖြစ်ပြီး ကျူးလွန်သူများကို ကြီးလေးသည့် အရေးယူမှုများကို အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။

၎င်းက “ အထူးသဖြစ် စာသင်ကျောင်းတွေ၊ ကျောင်းသားတွေ ဆရာ/ဆရာမတွေကို တိုက်ခိုက်တာဟာ ပညာရေး အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။ ပြီးတော့ ကလေးအခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။ စာသင် ကျောင်းဖြစ်စေ၊ အိမ်၊ ဆေးရုံဆေးခန်းတွေ၊ ဘာသာရေးအဆောက်အဦးတွေကို ပစ်ခတ်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်။ ပြီးတော့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်တာဖြစ်တယ်။ ဒါကြောင့် ဒါကတွေဟာတကယ့် လူ့အခွင့်ရေးကြီးကို ချိုးဖောက်တာဖြစ်တာကြောင့် တာဝန်ယူရမယ်။ အပြစ်ပေး အရေးယူမှုလုပ်ရမှာဖြစ်တယ်”ဟု ပြောသည်။

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးအချိန်ကတည်းကစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စာသင်ကျောင်းအပေါ် အကြမ်းဖက်တိုက်ခိုက်မှု (၂၄)ကြိမ်တွင် စာသင်ကျောင်းအဆောက်အဦးပေါင်း (၃၇)ကျောင်း လုံးဝပျက်စီးခဲ့ပြီး မှတ်တမ်းပြုစုနိုင်ခြင်းမရှိသေးသည့် နောက်ထပ်ပျက်စီးမှုရှိသေးကြောင်းလည်း စက်တင်ဘာလ(၉)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ ပညာရေးကိုတိုက်ခိုက်ခြင်းမှ ကာကွယ်‌ရေးနေ့တွင် KHRG က ထုတ်ပြန်ပြောဆိုထားသည်။