Home သတင်း စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ဒရုန်းတပ်ဖွဲ့ပါဝင်မှုသည် ပိုမိုထိရောက်အားကောင်းလာကြောင်း ဒရုန်း တပ်ဖွဲ့များဆို

စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ဒရုန်းတပ်ဖွဲ့ပါဝင်မှုသည် ပိုမိုထိရောက်အားကောင်းလာကြောင်း ဒရုန်း တပ်ဖွဲ့များဆို

1227

စက်တင်ဘာလ ၁၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ များနှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ စစ်စခန်းနှင့် ဌာနဆိုင်ရာရုံးများကို ဝင်ရောက် တိုက်ခိုက်ရာတွင် ဒရုန်းတပ်ဖွဲ့များ၏ ပါဝင်မှုသည် ပိုမိုထိရောက်အားကောင်းလာကြောင်း ဒရုန်းတပ်ဖွဲ့ တာ ဝန်ခံများက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်စခန်း၊ လက်အောက်ခံ ဌာနဆိုင်ရာရုံးများနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်များကို မြေပြင်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကို ကင်း ထောက်ခြင်း၊ စစ်ကောင်စီတပ်စခန်း၏ ဝင်ရောက်ရန်မလွယ်ကူသည့်စခန်းများကိုလည်း ဒရုန်း Mission ဖြင့် ပထမဦးဆုံး တိုက်ခိုက်ခြင်းများ လုပ်ဆောင်နိုင်မှုသည် ယခင်ထက်ပိုမို ထိရောက်အားကောင်းလာသည်ဟု Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံက ယခုလို ပြောသည်။

“ဒရုန်းက တော်တော်လေးအရေးပါပါတယ်။ မြင်သာအောင်ပြောရရင် စကစအနေနဲ့ မြေပြင်တပ်တွေချည်းပဲနဲ့ ဘာမှမလုပ်နိုင်တော့လို့ လေကြောင်းစစ်ကူပစ်ကူသုံးနေရတယ်လေ။ ကျနော်တို့အနေနဲ့လည်း စခန်းသိမ်းပွဲ တွေ လုပ်ရာမှာ ဒရုန်းတိုက်ခိုက်ရတာရှိမယ်။ ရန်သူအတိအကျ မနေနိုင်အောင် ဒရုန်းနဲ့ ပြောက်ကျားစစ်ဆင်ရေး တွေ လုပ်နိုင်တယ်။ ဒရုန်းက ရန်သူကိုအမြဲခြိမ်းခြောက်ဖျက်ဆီးနေနိုင်တဲ့အရာပဲ။ တချို့နေရာတွေမှာ ကိုယ့် လူတွေ ဘာမှမထိခိုက်ဘဲ ရန်သူတွေအများကြီး ထိခိုက်ဒဏ်ရာရသေကြေပျက်စီးအောင်ဒရုန်းက လုပ်နိုင်တယ်။ ဥပမာ ဟို ရက်ပိုင်းက မြဝတီလိုဖြစ်စဉ်မျိုးပေါ့။ အဲ့တော့ဒရုန်းမရှိရင် လက်နက်ကိုင်တော်လှန်ရေးမှာ အများကြီး အားနည်း သွားနိုင်တယ်လို့ ပြောချင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီကို ဒရုန်းဖြင့် မြေပြင်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရာတွင် ကရင်ပြည်နယ်တွင် Federal Wings ၊ Cloud Wings စသည့် ဒရုန်းတပ်ဖွဲ့များရှိသလို မွန်ပြည်နယ်တွင်လည်း ကျိုက်ထို၊ သထုံ၊ ဘီလင်းစသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့် Brigade-1- Brigade Drone Force၊ ဒရုန်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိသည်။

ထိုသို့ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲအတွင်း ဒရုန်းတပ်ဖွဲ့များ စစ်ဆင်ရေးအားကောင်းလာမှုသည် နည်းပညာပိုင်ဆိုင်ရာတိုးတက်လာခြင်းနှင့် မြေပြင်တပ်ဖွဲ့များ ကလည်း အကာအကွယ်ပေးထားခြင်းတို့ကြောင့် ပစ်မှတ်ကိုထိရောက်စွာ လုပ်ဆောင်နိုင်ကြောင်းလည်း Cloud Wings တာဝန်ခံက ကေအိုင်စီသို့ ဖြည့်စွက်ပြောသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ဒရုန်းတပ်ဖွဲ့ပါဝင်အားဖြည့်မှု အားကောင်းလာပြီး မွန်ပြည်နယ် အတွင်းရှိ တော်လှန်ရေးအင်အားစုများဘက်တွင်လည်း စစ်ကောင်စီတပ်၏ စစ်စခန်းစစ်ကြောင်းများကို တိုက်ခိုက်ရာတွင် ပိုမိုအထောက်အကူဖြစ်လာကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ၏ တာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “ဒရုန်းကတော့ တစ်ခါတစ်လေ ဝင်ရခက်ခဲတဲ့နေရာတွေ ကိုယ့်ရဲဘော်တွေအတွက် လုံခြုံရေးလမ်း ကြောင်းအရ အဆင်မပြေတဲ့နေရာတွေဆိုလို့ရှိရင်တော့ ဒရုန်းကတော့ သွားရတော့လွယ်တာပေါ့နော်။ ရန်သူ ဘက်ကလည်း ကောင်းကင်ကလာမယ့်အသံတွေကို အမြဲကင်းထောက်နေရတယ်လေ။ မြေပြင်အဖွဲ့တွေ အရေးပါသလို ဒရုန်းတွေလည်းအရေးပါတယ်။ ကျနော်တို့ဘက်ကတော့ ချဉ်းကပ်ဖို့ မလွယ်တဲ့ရန်သူစခန်း တွေကို တော့ ဒရုန်း Mission တွေက ပိုပြီးကောင်းတာပေါ့နော်။ ဥပမာ သူတို့မိုင်းပတ်ပတ်လည်ထောင်ထားတဲ့ နေရာမျိုး စခန်းတွေထဲဝင်ဖို့ လမ်းကြောင်းခက်ခဲတာမျိုးဆိုရင် အဝေးထိန်းဒရုန်းတွေနဲ့ တိုက်တာက ကျနော်တို့ အတွက် ပိုအားသာချက်ရှိတာပေါ့”ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားများနှင့်စစ်ကောင်စီစခန်းများကို မြေပြင်စစ်ကြောင်းအပြင် ဒရုန်းဖြင့် ပါဝင်အားဖြည့်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများစေသည့် အားသာချက်ရှိနေ သော်လည်း တစ်ဖက်တွင် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်မှုကြောင့်နှင့် ရာသီဥတု အခြေအ နေများကြောင့် စက်ချို့ယွင်းပြီး ဒရုန်းများ ပျက်စီးဆုံးရှုံးစေသည့် အခက်အခဲများလည်း ကြုံတွေ့ ရကြောင်း ဒရုန်းတပ်ဖွဲ့ဝင်တာဝန်ရှိသူများက ဆိုသည်။

ထိုသို့ ကေအဲန်ယူထိန်းချုပ်ရာ နယ်မြေများထဲတွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း ပါဝင် တိုက်ခိုက်လာခြင်းသည် ပိုမိုထိရောက်စေပြီး အရေးပါလာကြောင်းကိုလည်း ကေအဲန်ယူ ဗဟို၏ ပြောခွင့်ရ ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“ဒရုန်းနဲ့တိုက်ခိုက်မှုရဲ့ အရေးပါမှုကတော့ အရမ်းကိုအကျိုးရှိတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် စစ်ရဲ့ သဘောတရားကို ကျနော်တို့ကြည့်မယ်ဆိုရင် အင်အားပိုပြီးတော့ တောင့်တင်းခိုင်မာတဲ့ တိုက်ခိုက် ရေးအင် အားပိုကောင်းတဲ့ တိုက်ခိုက်ရေးတစ်ရပ်မှာ လက်နက်ကြီးပါဝင်ဖို့လည်း လိုတယ်။ အဲ့ဒါကြောင့်လက်နက်ကြီးကို ကျနော်တို့လောလောဆယ် အသုံးမပြုဘဲနဲ့ဒရုန်းနဲ့ လက်နက်ကြီးဗုံးကျည်တွေကို ပစ်ချနိုင်တဲ့အနေအထားက ပိုပြီးတော့ကုန်ကျစရိတ်များတဲ့ လက်နက်ကြီးကိုဝယ်မဲ့အစား ဒါမျိုးနဲ့ အသုံးပြုတာ ပိုပြီးထိရောက်မှုရှိတယ်လို့ ပြောလို့ရပါတယ်။”ဟု ပြောသည်။

လတ်တလောတွင် မြဝတီ၊ ကြာအင်းဆိပ်ကြီး နှင့် ဖာပွန် စသည့်မြို့များတွင် စစ်ကောင်စီ၏ တပ်စခန်းအပြင် ၎င်း၏ လက်အောက်ခံ ရဲစခန်း၊ ခရိုင်ရုံး နှင့် ထွေအုပ်ရုံး စသည့် ရုံးများကို KNLA ပူးပေါင်းတပ်များနှင့်အတူ ဒရုန်းတပ်ဖွဲ့များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအပါအဝင် ထိပ်ပိုင်း အရာရှိများပါ ထိခိုက်သေဆုံးမှုများရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသီးသီး ထုတ်ပြန်ထားသည်။