စက်တင်ဘာလ၂၉ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင်စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA) တို့အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားအမျိုးသမီး (၃)ဦးနှင့်မိန်းကလေးငယ် (၁)ဦးထိမှန် ဒဏ်ရရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်- SHRF က ယမန်နေ့ စက်တင်ဘာလ ၂၈ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ရက်မှစ၍ စက်တင်ဘာလ ၂၅ရက်နေ့ထိ (၆)ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ ပြုလုပ်ခဲ့သောကြောင့် အသက်(၄၀)ဝန်းကျင်အမျိုးသမီး၏ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး၊ အသက် ၅၀ ၀န်းကျင် နန်းလင်း၊ နန်းဆွဲ့ နှင့် အသက် ၁၇ နှစ်အရွယ် နန်းအီတို့ လက်နက်ကြီးကျည်ထိမှန်ကာဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ထုတ်ပြန်ချက် ပြောခွင့်ရ Ying Leng Harn က “အခုလိုစစ်ကောင်စီက လူ့အခွင့်အရေး ဆက်တိုက်ချိုး ဖောက်နေ တယ်ဆိုတာကတော့ အရင်ကလည်းရှိတယ်။ အခုလည်းရှိတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာ ကျမတို့ ဒေသခံတွေကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေကို ပိုပြီးတော့မှ တွေ့ရတယ်။ ဒီလို မျိုး စစ်ကောင်စီက အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ထားတဲ့ စစ်ရာဇဝတ်မှုတိုင်းကို ကျမတို့ မှတ်တမ်း ယူထားတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် ဒေသအသီးသီးရှိ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်လည်း စစ်ရှောင်ပြည်သူများကို အာဏာ သိမ်းစစ်ကောင်စီလက်အောက်မှ တတ်နိုင်သမျှ ကာကွယ်ပေးကြရန်အကြံပြုလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မူဆယ်မြို့အပြင် ဘက်စန်းဆာတောင်နှင့်ခူးဝိန်ရွာတွင် အခြေချထားသော စစ်ကောင်စီတပ်မ ၉၉မှ အင်အား ၄၀နှင့် မြို့မပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်နှင့် ပိန်းဆာပြည်သူ့စစ်တို့ပူးပေါင်း၍ စုစုပေါင်းအင်အား ၁၀၀ ခန့်သည် (TNLA) တပ်ဖွဲ့ အခြေချနေထိုင်ရာ စယ်လန့်ကျေးရွာ အရှေ့ဘက် လွယ်တေးမိန်းကို စတင် တိုက်ခိုက် ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ယနေ့အချိန်ထိ တိုက်ပွဲဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်။
အဆိုပါ တိုက်ပွဲများကြောင့် မူဆယ်မြို့ နမ့်ကတ်ကျေးရွာအုပ်စု၊ စယ်လန့်ကျေးရွာအုပ်စု နှင့် ၀ိန်းနန်းကျေးရွာမှ ဒေသခံ ၇၀၀ ၀န်းကျင်သည် မူဆယ်မြို့ နမ့်စန့်ကျေးရွာဇရပ်၊ မန်နိမ်ရွာဇရပ်၊ ပန်ခမ်းကျေးရွာဘုန်းကြီးကျောင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိပြီး စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ ည၁၀ နာရီခွဲ၀န်းကျင်ခန့်တွင်လည်း မူဆယ်မြို့ မော်တောင်းကျေးရွာ အုပ်စုမန့်ဟန်ရွာကို TNLA တပ်ဖွဲ့များရှိနေသည်ဟုဆိုကာ လေကြောင်းမှ (၁၀) ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြေထားသည်။



















