Home သတင်း ကြာအင်းတံတားပေါ် ဖြတ်သန်းသွားလာမှု ပိတ်ထားသဖြင့် ဒေသခံများ စားနပ်ရိက္ခာရရှိရေး ခက်ခဲနေ

ကြာအင်းတံတားပေါ် ဖြတ်သန်းသွားလာမှု ပိတ်ထားသဖြင့် ဒေသခံများ စားနပ်ရိက္ခာရရှိရေး ခက်ခဲနေ

868

စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးကြားရှိ တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာကို ဆက်သွယ်ထားသော တံတားပေါ်တွင် စစ်ကောင်စီတပ်ဘက်မှ အရပ် သားပြည်သူများ ဖြတ်သန်းသွားလာခွင့် ထပ်မံပိတ်ပင်လိုက်သဖြင့် ရွာသားများစားနပ်ရိက္ခာရရှိရေး အတွက် အခက်အခဲရှိလာနေကြောင်း ဒေသခံရွာသားများက ပြောသည်။

အဆိုပါ ကြာအင်းတံတားပေါ်ကို ယခုနှစ် မေလကတည်းက စစ်ကောင်စီဘက်မှ အရပ်သား ကား၊ ဆိုင် ကယ်များ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားရာမှ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပစ္စည်းသယ်ဆောင်သည့် သုံးဘီးယာဉ်များကို ဖြတ်သန်း သွားခြင်း ပြန်လည်ခွင့်ပြုပေးခဲ့သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တကျော့ပြန် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခြင်းကြောင့် တံတားပေါ် ဖြတ်သန်းခွင့်ကို ယခုလို တဖန်ပြန်လည် ပိတ်ပင် လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်မှ ‌ကြာအင်းတံတားပေါ် ဖြတ်သန်းသွားလာမှုပိတ်ပင်ထားသဖြင့် မြောက်ကြာ အင်းတစ်ဖက်ကမ်းရှိ ဒေသခံရွာသားများသည် ကော့ကရိတ်မြို့ဘက်သို့ ဖြတ်သန်းသွားလာ၍ မရတော့ဘဲ စားနပ်ရိက္ခာရရှိရေးအတွက် ကြာအင်းဆိပ်ကြီးမြို့နှင့် ဖားအံမြို့သို့ သွားရောက်ဝယ်ယူ နေရကြောင်း ဒေသခံများက ပြောသည်။

‌ဒေသခံအမျိုးသမီးတစ်ဦးက”ကြာအင်းလမ်းက သူတို့ (စစ်ကောင်စီ)တွေ ပိတ်ထားတယ်။ ပေးမသွား တော့တဲ့အတွက် စားနပ်ရိက္ခာတွေရရှိဖို့က အခက်အခဲရှိလာတာပေါ့။ တစ်ချို့ကတော့ ကြာအင်း ဆိပ်ကြီး‌၊ ဖားအံမြို့တွေမှာ သွားဝယ်ယူရတယ်။ စားနပ်ရိက္ခာတွေ လက်ကုန်ဈေး‌ တက်နေတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် တောင်ကြာအင်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်များသည် စစ်ဘေးရှောင်နေကြရသည့် ရွာသားများ၏ နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းဥစ္စာခိုးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း တောင်ကြာအင်းရွာသားများက ပြောသည်။

“တောင်ကြာအင်းရွာက ရစရာမရှိတော့ဘူး။ စစ်ကောင်စီတွေက ခိုးတာလက်ကုန်ပဲ။ တစ်ရွာလုံး အိမ်တွေမွှေနှောက်ထားတယ်။ တံခါးတွေဆိုလည်း ရိုက်ခွဲတယ်။ လိုချင်တာအကုန်ယူတာပဲ”ဟု အမည် မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

တောင်ကြာအင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့(KNDO) တပ်ရင်း-၆၊ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်မှ ၂၆ရက်နေ့အထိ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ၂ ဦးဒဏ်ရရှိခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က ယမန်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ‌ နေ့စဉ်ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်ကြာအင်း၊‌ လောင်းကိုင်၊ ဖားကျစသည့်ဒေသခံရွာသားများမှာ အသက်ဘေးလွတ်ရာသို့ ယခုအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တောင်ကြာအင်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ စစ်ရေးကွပ်ကဲမှုဌာနချုပ်-စကစ (၁၂)လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၅၄၆)၊ ခြေလျင် တပ်ရင်း -ခလရ(၂၃၀)၊ ခလရ(၂၀၈) တပ်ရင်းတို့ဖြစ်ပြီး ထိုစစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နောင်တ လာကျေးရွာသားတစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။