Home သတင်း NUG အနေဖြင့် အနီးကပ်ကွပ်ကဲမှုနှင့်စနစ်ကျမှုရှိရန် လိုအပ်ကြောင်း KNU ဝါရင့်ခေါင်းဆောင် အကြံပြု

NUG အနေဖြင့် အနီးကပ်ကွပ်ကဲမှုနှင့်စနစ်ကျမှုရှိရန် လိုအပ်ကြောင်း KNU ဝါရင့်ခေါင်းဆောင် အကြံပြု

829

စက်တင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေဖြင့် တော်လှန်ရေးနှင့် အုပ်ချုပ်ရေးလုပ်ဆောင်ရာတွင် အစိုးရတစ်ရပ်အဖြစ် မြေပြင်အဖွဲ့အစည်းများအား အနီးကပ်ကွပ်ကဲရန်နှင့် စနစ်ကျနမှုရှိရန် လိုအပ် ကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ၏ ဝါရင့်တော်လှန်ရေးခေါင်းဆောင် ပဒိုစော သမိန်ထွန်းက အကြံပြုပြောဆိုလိုက်သည်။

အစိုးရတစ်ရပ်အဖြစ်ခံယူထားသော NUG ၏ တိုက်ခိုက်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ် ရေးဖွဲ့စည်း ခြင်းလုပ်ငန်းများ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာမြို့နယ် ခေါင်းဆောင်များအလိုက် တိုင်ပင် ဆွေးနွေးမှု လိုအပ်သလို မြေပြင်ရှိတော်လှန်ရေးအင်အားစုများသို့ အနီးကပ်ညွှန်ကြားမှု၊ အနစ်နာခံ မှုနှင့် စနစ်ကျနမှုရှိသော ခေါင်းဆောင်များ လိုအပ်သည်ဟု စက်တင်ဘာလ ၄ ရက်နေ့က ကရင်လူငယ်အစည်းအရုံး-KYO မှ ဦးစီးကျင်းပခဲ့သည့် လူငယ်မိတ်သင်္ဂဟပွဲတွင် ပဒိုစောသမိန်ထွန်းက ယခုလို ဝေဖန်အကြံပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

“NUG ဆိုတဲ့ အစိုးရကြီးက ပြည်တွင်းမှာ မရှိဘူး။ တိုက်ခိုက်ရေးသမားတွေကတော့ ပြည်တွင်းမှာ ရှိနေတယ်။ တကယ်ဆိုရင် ခေါင်းဆောင်လုပ်တဲ့သူတွေက မြေပြင်မှာရှိရ မယ်။ လူကြီးတွေ အနစ်နာ ခံလိုက်ပါ။ ဘာမှမလုပ်လည်း နယ်စပ်ကလေးမှာ လာထိုင်နေပေါ့ဗျာ။ နယ်စပ်ဆိုတာလည်း အတွင်း ကျကျပေါ့ ထိုင်းနိုင်ငံကမ်းနဖူးတော့ မလုပ်နဲ့ပေါ့။ ကျနော်တို့ ကေအဲန်ယူမှာ ရဲဘော်ရော၊ ခေါင်းဆောင်ရော တစ်နေရာတည်းရှိနေတာ။ အဲ့လိုခေါင်းဆောင်မျိုးရှိဖို့ စနစ်ကျဖို့လိုတယ်။ အနီးကပ်ညွှန်ကြားဖို့ လိုတယ်။” ဟု ပဒိုစောသမိန်ထွန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ခေါင်းဆောင်များအနေဖြင့် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ရေးအတွက် ရန်သူ့ အခြေအနေအပြင် လက်ရှိနိုင်ငံရေးအခင်းအကျင်းတို့ကို သေချာစွာကြည့်ရှု လုပ်ဆောင်ရန် အရေးကြီးသလို သမိုင်းပေးတာဝန်အသိဖြင့် ဘုံရန်သူကို တော်လှန်ရေးအတွက် စည်းလုံးညီ ညွှတ်မှုဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ဝါရင့်တော်လှန်ရေးခေါင်းဆောင်ကြီးက ဖြည့်စွက်အကြံပြုသည်။

NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “တစ်ခါတလေကျရင် မြေပြင် နဲ့အပေါ်က ထိတွေ့မှုအရမ်းအားနည်းတယ်။ ကျနော်တို့အောက်ခြေက ရဲဘော် အနေနဲ့ကတော့ အားနည်းချက်တွေရှိတယ်လို့ မြင်မိတယ်။ တကယ်လို့ ဒီကြားမှာ ထိတွေ့မှု ပိုပြီးအားကောင်း လာရင်တော့ ပိုကောင်းတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ NUG သည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပူးပေါင်းခြင်းမရှိသူများ အား အရေးယူဆောင်ရွက်မှုဆိုင်ရာ တော်လှန်ရေးကာလအလွန် လုပ်ငန်းစဥ်များကို လူထုသို့ ထုတ်ပြန်ပြောဆိုခြင်း လုပ်ဆောင်ခဲ့သည့်အပေါ် KNU ခေါင်းဆောင် ပဒိုစောသမိန်ထွန်းက ယခုလို ဆက်လက် ထောက်ပြထားသည်။

၎င်းက “အဲ့လိုဘာလုပ်မယ်ဆိုတဲ့အစား အဓိကပညာပေးရေးပုံစံနဲ့စည်းရုံးရေးတွေ ချနိုင်ရမယ်။ အခုက အစိုးရအမိန့် ပုံစံနဲ့ထုတ်ပြန်ကြေညာချက်တွေ လုပ်နေတယ်။ Non CDM တွေမှာလည်း သူ့ဟာနဲ့သူ ထောက်ပံ့နေတာတွေရှိတယ်။ အဲ့ဒါကိုခေါင်းဆောင်က သိဖို့လိုတယ်။ အခုက ခေါင်း ဆောင်က တာဝတိံသာမှာနေ၊ လူငယ်တွေက လူ့ပြည်မှာနေ၊ လူ့ပြည်နဲ့နတ်ပြည်နဲ့က အဆက် အသွယ်မရှိ ဖြစ်နေတယ်။ ဒါကြောင့် ဒါလေးကိုပြင်လိုက်ရင်ရပြီ” ဟု ပြောဆိုခဲ့သည်။

NUG အနေဖြင့် အာဏာသိမ်းမှုကာလ(၂)နှစ်ကျော် ရှိလာချိန်တွင် အုပ်ချုပ်ရေး၊ တိုက်ခိုက်ရေးအပြင် နိုင်ငံတကာနှင့်တွေ့ဆုံ၍ စစ်ကောင်စီသို့ ဖိအားဖြစ်စေမည့် နည်းလမ်းမျိုးစုံ ကြိုးပမ်းနေသလို KNU ကလည်း ဖက်ဒရယ်ပြည်ထောင်စုအပါအဝင် တန်းတူညီမျှမှုနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ဘုံရည် မှန်းချက်အတွက် NUG လက်အောက်ခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍နယ်မြေချဲ့ ထွင် နိုင်ရန် ဆက်တိုက်လုပ်ဆောင်နေကြခြင်းဖြစ်သည်။

အလားတူ ငြိမ်းချမ်းရေးနှင့်တန်းတူရေးကိုလိုလား၍ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးခဲ့သော KNU သည် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ တွေ့ဆုံ ဆွေးနွေးမှုများတွင် ပါဝင်မှုမရှိတော့သလို KNU ကွန်ဂရက်ကျင်းပမှုအပြီး ရက်ပေါင်းတစ်ရာ အတွက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း NCA စာချုပ်သည် မရှိတော့ကြောင်း ထည့်သွင်းပြောဆိုခဲ့သေးသည်။