စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ထိန်းချုပ်နယ်မြေ လယ်ဒိုစိုးမြို့နယ် တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၀)နယ်မြေထဲရှိ ကရင်အခေါ် (ဖွေးဖိုး ကလား) နေရာရှိ KNLA စစ်ဆေးရေးဂိတ်တစ်ခုကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ရက်နေ့က ကော်သူးလေအာမီ (KTLA)တပ်ဖွဲ့ဘက်မှ သွားရောက်ပစ်ခတ်တိုက်ခိုက်သည်ဟု ကေအဲန်ယူဘက်မှဆိုသည်။
အဆိုပါ ကျေးရွာများထဲတွင် အရက်မူးယစ်ဆေးဝါးသယ်ဆောင်ခွင့်ပိတ်ထားသလို အရက်၊ဘီယာ၊ ယူဆောင်ခွင့် နှင့်ပတ်သက်၍ အဆိုပါဂိတ်မှ တားဆီးပိတ်ပင်သည်ဟု အကြောင်းပြု၍ လာရောက်ပစ်ခတ်ခဲ့သည်ဟု ကေအဲန် ယူ ဘိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ယခုလိုပြောသည်။
၎င်းက” လမ်းထိပ်မှာ ကျနော်တို့အဖွဲ့ဘက်က ဂိတ်ချထားတယ်။ ဒေသခံတွေကိုကျနော်တို့ဘာမှလုပ်တာမရှိဘူး။ ပြီးတော့ အဲဒီဒေသမှာ ဒေသခံတွေက အရက်ဘီယာသယ်ဆောင်ခွင့်ပိတ်တာတွေရှိတယ်။ သူတို့ပြောတာက လူထုယူလာတဲ့အရက်ဘီယာတွေကို ဘာလို့ဖျက်ဆီးတယ်လို့ပြောတယ်။ ဒေသအတွင်းမှာက အရက်ဘီယာ မယူ လာရဘူးဆိုပြီး ပြောထားပြီးသား။ ကျနော်တို့က လူထုကိုကာကွယ်တာဘဲရှိတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ KNLAဂိတ်တွင် တပ်ဖွဲ့ဝင်အင်အား (၁၀) ဦးကျော်ခန့်ရှိပြီး လာရောက် ပစ်ခတ်သူမှာ KTLAတပ်ဖွဲ့ ဗိုလ်အယ်ခွီး(ကော်လာဖိုး) ဦးဆောင်သည့်အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပဒိုစောအယ်နာက ဖြည့်စွက်ပြောသည်။
သို့သော် အဆိုပါ ဂိတ်ကို သွားရောက် ပစ်ခတ်ရခြင်းမှာ KNLA ဘက်မှ ဒေသခံများကို ထိုဂိတ်တွင် နှောင့်ယှက် စစ်ဆေးမှုများရှိသည့်အတွက် ဒေသခံများ၏ တောင်းဆိုချက်အရ သွားရောက် ခြိမ်းခြောက် ပစ်ခတ်ရခြင်း ဖြစ်သည်ဟု KTLA တာဝန်ရှိသူတစ်ဦး က ပြန်လည် တုံ့ပြန်ပြောဆိုသည်။
၎င်းက ”ဒေသခံ လိုလားချက်အရ အဲဒီမှာရှိတဲ့ တပ်ဖွဲ့က သွားခြိမ်းခြောက် ပစ်ခတ်တာမှန်ပါတယ်။ ဒါပေမယ့် အသေးစိတ်တော့ ကျနော်တို့ဆီမှာ သတင်းမရောက်လာသေးဘူး။ သွားလာနေတဲ့ဒေသခံတွေကို အဲ့ဒီက စစ်ဆေး မေးမြန်းတာတွေ ပြီးတော့ယူလာတဲ့အရက်ဘီယာတွေကို အဲဒီဂိတ်က ဒဏ်ရိုက်တာတို့ ပြီးတော့ အချိန်ကျော် သွားလာတဲ့ ပြည်သူတွေကိုလည်း ဒဏ်ရိုက်တာတို့ရှိတော့ လူထုတွေက တောင်းဆိုလို့ ကျနော်တို့ဘက်က သွား ခြိမ်းခြောက်ပစ်တာ။ သူတို့ဘက်တော့ တစ်ယောက်တော့ နည်းနည်းထိရှသွားတာ ရှိတယ်” ဟုကေအိုင်စီ သို့ ပြောသည်။
အဆိုပါ ဂိတ်စခန်း အပစ်ခတ်ခံရမှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကြီး ကြာမြင့်ခဲ့ပြီး လူနေအိမ် တချို့ နှင့် ကားတစ်စီး ထိခိုက်ပျက်ဆီးမှုရှိပြီး လက်ရှိအချိန်တွင် ထိုဂိတ်နေရာတွင် KNLAဘက်က ပြန်လည် ထိုင်နေပြီးဖြစ်သည်ဟု ကေအဲန်ယူဘက်မှဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့ကလည်း KNLA တပ်ရင်း (၁၂) နယ်မြေထဲတွင် တာဝန်နှင့် သွားနေ သည့် KNLA ကားကို KTLAဘက်မှ ပစ်ခတ်တိုက်ခိုက်သည့်အတွက် KNLAဘက်မှ စစ်ဘက်ရေး ရာကွပ်ကဲရေး မှူး ဗိုလ်မှူးစောဖိုးစီနှင့် ၎င်းတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းလည်းရှိဖူးသည်။
KNLAတပ်ရင်း ၁၂နယ်မြေအတွင်းရှိ KNLA စစ်ဘက်ရေးရာကွပ်ကဲရေးမှူးကားတိုက်ခိုက်ခံရပြီးနောက်တွင် ထိုနယ်မြေထဲတွင် KNLAဘက်မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ကာ နယ်မြေထဲရှိလှုပ်ရှားနေသည့် KTLA တပ်ဖွဲ့များသည် ထိုနယ်မြေထဲတွင် မရှိတော့ဘဲ KNLA တပ်ရင်း(၁၀)နယ်မြေထဲတွင် ပြောင်းရွှေ့လှုပ်ရှား ပြီးနောက် ယခုလို ပစ်ခတ်မှု ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၄)ထံမှသိရသည်။