စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာမြန်မာ့သတင်း-BNI အား ငြိမ်းချမ်းရေးနှင့် ယဥ်ကျေးမှုလုပ်ငန်းများကို စောင့်ကြည့် ဖော်ထုတ်ခြင်းအတွက် The Edita and Ira Morris Hiroshima Foundation က ပေးအပ်သော ၂၀၂၃ ခုနှစ်၏ ဟီရိုရှီးမား ဖောင်ဒေးရှင်းဆု ချီးမြှင့်သည့် အခမ်းအနားအစီအစဥ်ကို ယမန်နေ့ စက်တင်ဘာလ(၂၅)ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ပြုလုပ်ပြီးစီးခဲ့သည်။
တိုင်းရင်းသားမီဒီယာ(၁၅)ခုဖြင့် ဖွဲ့စည်းထားသော မြန်မာ့မီဒီယာကွန်ရက် တစ်ခုဖြစ်သည့် BNI အား တိုင်းရင်းသားများ၏သတင်းများကို ထုတ်ဖော်ပေးခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအား နိုင်ငံတကာက သိရှိစေရန်ရေးသားဖော်ပြ ပေးလျက် ရှိသဖြင့် အဆိုပါဆုကို ချီးမြှင့်လိုက်ခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် မေလ(၁၅)ရက်နေ့က ဖောင်ဒေးရှင်းမှ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တွင် ယခုလို ဆုချီးမြှင့်ခြင်းအစီအစဥ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အစီအစဥ်တွင် BNI ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ဒေါ်တင်တင်ညိုက ဆုချီးမြှင့်ခြင်းနှင့် တက်ရောက် လာသူများအား အွန်လိုင်းမှတဆင့် ကျေးဇူးတင်စကားပြောကြားရာတွင် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီ၏ဖိနှိပ်မှုနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော မြန်မာပြည်သူ လူထု၏အခြေအနေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်နှင့် စစ်အုပ်ချုပ်မှု အောက်ရှိ သတင်းမီဒီယာကဏ္ဍ၏ အခြေအနေများကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
“စစ်ကောင်စီရဲ့အမျိုးမျိုးသော ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ မီဒီယာတွေက ယုံကြည်စိတ်ချ ရတဲ့သတင်းအချက်အလက်တွေ ပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားကြရတယ်။ သတင်းထောက်တွေက စစ်တပ်ရဲ့အလွယ်တကူပစ်မှတ်ထားတာ ခံနေရသလို ဖမ်းဆီးသတ်ဖြတ်ခံရတာတွေလည်း အာဏာ သိမ်းကာလအတွင်းမှာ ရှိခဲ့တယ်။ ဒီလိုအခြေအနေတွေအောက်မှာ ရပ်တည်နေရတဲ့ ကျမတို့ မီဒီယာ သမားတွေအနေနဲ့ ဖောင်ဒေးရှင်းရဲ့အခုလို ချီးမြှင့်ထောက်ပံ့မှုအတွက်လည်း ကျေးဇူးတင်ပါတယ်။” ဟု ဒေါ်တင်တင်ညိုက ပြောသည်။

ထို့အပြင် အဆိုပါဆုပေးပွဲသို့ BNI ၏ မန်ဘာမီဒီယာ အဖွဲ့တစ်ဖွဲ့ဖြစ်သော ခိုနူမ်းသုန်မီဒီယာမှ အယ်ဒီ တာချုပ် ကိုစန်သဲနှင့် မဇ္ဈိမမီဒီယာကိုယ်စား ဦးခင်မောင်ဝင်းတို့က လူကိုယ် တိုင်တက် ရောက်ခဲ့ကြသလို ကိုစန်သဲက ဟီရိုရှီးမား ဖောင်ဒေးရှင်း ဆုအား ကိုယ်စားလက်ခံရယူခဲ့သည်။
ဆုပေးပွဲကို အွန်လိုင်းဖြင့်ရော၊ လူကိုယ်တိုင်တက်ရောက်သည့် အစီအစဥ်ဖြင့်ပါ ပြုလုပ်ကျင်းပခဲ့ပြီး ဖိတ်ကြားထားသော မီဒီယာများ၊ တာဝန်ရှိသူများနှင့် လူကိုယ်တိုင်အပါအဝင် အွန်လိုင်းမှ တက်ရောက်သူ စုစုပေါင်းလူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့ကြသည်။
၁၉၈၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ဟီရိုရှီးမားဖောင်ဒေးရှင်းက ၎င်းတို့ရွေး ချယ်ချီးမြှင့်သော ဆုများအား ပဋိပက္ခဒေသများတွင် တွေ့ဆုံဆွေးနွေးမှု၊ နားလည်မှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ယဥ်ကျေးမှုနယ်ပယ်အတွင်း ပါဝင်လုပ်ဆောင်နေကြသူများသို့ ချီးမြှင့်လေ့ရှိပြီး ၂၀၁၈ နှင့် ၂၀၂၀ ခုနှစ်အတွက် ဆုများကို အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးတွင် ပါဝင်ခဲ့သော တောင်အာဖရိက နိုင်ငံသား မိုက်ခ်ဗန်ဂရန်နှင့် Bi-Communal Choir for peace in Cyprus တို့အား ချီးမြှင့်ပေးခဲ့ပြီး ဖြစ်ကြောင်း BNI သို့ ဆုချီးမြှင့်ကြောင်း ပြောကြားသည့် မေလ(၁၅)ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။



















