Home သတင်း အုပ်ချုပ်ရေးယန္တရားပျက်လာသည့်ဖာပွန်ဒေသ ကိုယ်ထူကိုယ်ထဖြင့်သာ ကျောင်းများဆက်လက် ဖွင့်လှစ်နိုင်

အုပ်ချုပ်ရေးယန္တရားပျက်လာသည့်ဖာပွန်ဒေသ ကိုယ်ထူကိုယ်ထဖြင့်သာ ကျောင်းများဆက်လက် ဖွင့်လှစ်နိုင်

800

စက်တင်ဘာလ ၁၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖာပွန်မြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ လက်အောက်ခံ ပညာရေးဝန်ထမ်းအများအပြား တာဝန်မှ ထုတ်ထွက်လိုက်ကြခြင်းကြောင့် ကိုယ်ထူကိုယ်ထပုံစံဖြင့်သာ ကျောင်းများကို ဆက်လက် ဖွင့်လှစ်ထားနိုင်ကြောင်း ဖာပွန်ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အသီးသီးနုတ်ထွက်ကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU ဘက်မှ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်သတိပေးခဲ့ပြီးနောက် ၎င်းဒေသရှိ စာသင်ကျောင်းများတွင် စာသင်ကြားပေးမည့် ကျောင်း ဆရာ/ဆရာမများ မရှိတော့သည့်အတွက် မြို့အတွင်းရှိ ၁၀ တန်းအောင်နှင့် ဘွဲ့ရသူများကို အငှားဆရာ/ ဆရာမအနေဖြင့် ယခင်အစိုးရ၏ သင်ရိုးညွှန်းတမ်းအတိုင်း စာသင်ကြားပေးနေကြောင်း ဖာပွန်ဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “ဝန်ထမ်းတော်တော်များများ ဖာပွန်ထဲမှာမရှိတော့ဘူး။ ဖာပွန်ထဲက ကျန်းမာရေးရော ပညာရေး ရော အားလုံးက အနည်းစုလောက်ပဲ ကျန်တော့တယ်။ တချို့တလေကြတော့လည်း နယ်ပြောင်းတာနဲ့ တချို့ကလည်း ထိုင်းတက်တာနဲ့ ဝန်ထမ်းတော်တော် များများမရှိတော့ဘူး။ အခု ဖာပွန်ထဲမှာရော ရွာဘက်မှာရော ကိုယ်ထူကိုယ်ထကျောင်း တွေရှိတယ်။ ဒါပေမဲ့ အစိုးရ ပညာရေးဝန်ထမ်းတွေ သင်တာတော့မဟုတ်ဘဲနဲ့ အငှားဆရာမတွေ အပြင်ကဆရာမတွေက သင်နေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ဖာပွန်ဒေသတွင် နယ်မြေခံ ကေအဲန်ယူ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၊ နယ်ခြား စောင့်တပ်(BGF) တပ်ဖွဲ့ဝင်များအကြား နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ဖာပွန်မြို့ပေါ်အထိ တိုက်ပွဲ များ မကြာခဏဖြစ်ပွားသလို စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်တော့သည့် အခြေ အနေတွင်ရှိနေကြောင်း ကေအဲန်ယူဘက်က ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျောင်းများ ဆက်လက်ဖွင့်ထားရာတွင် ဒေသခံကျေးရွာသားများ မှ ကျောင်းသားတစ်ဦးလျှင် ငွေကျပ် ၁ သောင်းကျပ်နှုန်းဖြင့် တတ်နိုင်သလောက်ကောက်ခံပြီး အပြင်ဆရာ၊ ဆရာမများကို ငှား၍ အဆင်ပြေသလို သင်ကြားပေးနေရကြောင်း ကျောင်းသားမိဘ တစ်ဦးကယခုလို ပြောသည်။

“အခုကျမတို့ရွာမှာဆိုရင် ရွာတိုင်းနီးပါးကျောင်းဖွင့်ထားတယ်။ အဲ့ကျောင်းမှာ အားလုံးကဘာ လုပ်လဲ ဆိုရင် အပြင်ကနေဝန်ထမ်းမဟုတ်တဲ့ကလေးတွေပေါ့။ ကျောင်းသားတစ်ယောက်ကို တစ်သောင်းပေါ့။ ကိုယ်တတ်နိုင်သလောက်နဲ့ ငှားပြီးသင်ကြတယ်။ ဘယ်လိုပြောမလဲ သူတို့က အငှား ၏ဆရာမတွေ ဆိုတော့ အရင်ဝါရင့်ဆရာမတွေထက်တော့ အဆင်မပြေဘူးပေါ့။ ဒါပေမဲ့ မပြေလည်းပဲ ရှိသလောက်လေးနဲ့ အဆင်ပြေသလိုပဲ သင်နေရတာပေါ့” ဟု ပြောသည်။

ထိုသို့ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေရှိ စာသင်ကျောင်းများတွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပညာသင်ကြား နေရခြင်းနှင့်ပတ်သက်ပြီး ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD (ဗဟို) ဌာနမှူး ပဒိုစောလောအယ်မူးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဖာပွန်မြို့မှာရှိတဲ့ရပ်ကွက် ၅ ခုလောက်က ကျနော်တို့ပြန်ဝင်နိုင်တယ်။ အဲ့ထိအထဲမှာက အလယ်တန်း ကျောင်းအထိ ကျနော်တို့ကျောင်း ပြန်ဖွင့်နိုင်တယ်။ တချို့ကျတော့ ကျနော်တို့သင်ရိုး ညွှန်းတမ်းပဲ ယူ တယ်။ ဒါပေမဲ့ တချို့ကျောင်းဆရာကျတော့ ကျနော်တို့စာစကားကို နားမလည်ဘူး။ ပြီးတော့ ကျောင်း ကလည်း ပုံနှိပ်စာအုပ်တွေ အချိန်မီမပို့နိုင်ဘူး။ အဲ့ဒါကြောင့်ကျနော်တို့ အရင်က ခွင့်ပြုထားသလို ဟိုဘက်ကသင်ရိုး ညွှန်းတမ်းပဲ သင်ခိုင်းထားတာပေါ့။” ဟု ကေအိုင်စီ သို့ပြောသည်။

၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံအစိုးရလက်အောက်တွင် ကျောင်း တက်ခဲ့သည့် ကျောင်းသူ/ကျောင်းသား အချို့သည် KECD စာသင်ကျောင်းများတွင် ပြန်လည် ပြောင်း ရွှေ့လာခဲ့သည့်အတွက် KECD လက်အောက်ခံ စာသင်ကျောင်းအချို့တွင် ကျောင်းသား ဦးရေများ လာနေလျက်ရှိသည်။

တာဝန်မှရပ်နားလိုက်သည့် အမည်မဖော်လိုသူ ကျောင်းဆရာမတစ်ဦးက “ကျမတို့ကတော့နုတ် ထွက်စာ တော့မတင်ဘူး။ သူတို့ထုတ်ချင်ရင်ထုတ်ပေါ့။ ကေအဲန်ယူကလည်း အမိန့်ထုတ်ထားတော့ ကျမတို့ စာမ သင်ဘူး။ တိုင်းပြည်အခြေအနေကောင်းလို့ရှိရင်တော့ ကျမတို့ ပြန်သင်မှာပေါ့။ အခုကျမတို့စာမသင်တာ ၂ နှစ်ရှိပြီး။ အခုပညာရေးဝန်ထမ်းက ဖာပွန်ထဲမှာ ၁၀၀ လောက်မှာဆို ၃၀ လောက်ပဲကျန်တော့တယ်။ ၇၀ လောက်က အခြားနေရာတွေ နိုင်ငံခြားတွေကိုထွက်သွားကုန်ပြီ။ ဖာပွန်မှာရှိတဲ့ ဌာနတွေအားလုံးက ဘယ်နေရာမှ အလုပ်မလုပ်တော့ဘူး”ဟု ပြောသည်။

ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေအတွင်းရှိ ကျေးရွာများတွင် အငှားဆရာ ဆရာမများနှင့် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ပညာသင်ကြားပေးနေသည့် စာသင်ကျောင်းများမှာ ဖာပွန်မြို့နယ်တွင် သာမက ကေအဲန်ယူထိန်းချုပ်ရာ ဒေသတချို့တွင်လည်း အလားတူ သင်ကြားပေးမှုများရှိကြောင်း သိရသည်။