Home သတင်း နတ်သံကွင်းတွင် ကျန်းမာရေးဝန်ထမ်းနည်းပါးမှုကြောင့် အရေးပေါ်ကုသမှုလိုအပ်သည့်လူနာများ အခက်အခဲဖြစ်

နတ်သံကွင်းတွင် ကျန်းမာရေးဝန်ထမ်းနည်းပါးမှုကြောင့် အရေးပေါ်ကုသမှုလိုအပ်သည့်လူနာများ အခက်အခဲဖြစ်

722
Photo: KNU

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တွင် ပြီးခဲ့သည့် ဇွန်လပိုင်းက မြို့တွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် ကျန်းမာရေးဝန်ထမ်းနည်းပါးသွားသဖြင့် အရေးပေါ်ဆေးကုသမှုပေးရန် လိုအပ်သည့်လူနာများ အခြားမြို့များသို့ သွားလာရေးခက်ခဲသည့်ကြားမှ သွားရောက်ကုသမှုခံယူနေ ရကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လဆန်းက တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတို့ နှစ်ဖက်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် မြို့ အတွင်းသို့ စစ်ကောင်စီမှ‌ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများနေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ကြ ရာတွင် ဆေးရုံရှိတာဝန်ကျ ကျန်းမာရေးဝန်ထမ်းအချို့လည်း ပါဝင်ကြသည့်အတွက် အရေးပေါ် ဆေးကုသမှုလိုအပ်သည့် လူနာများမှာ အခက်အခဲရှိလာကြောင်း မြို့တွင်းနေထိုင်သူများက ပြောသည်။

ထို့ကြောင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်လာပါက နီးစပ်ရာအခြားမြို့များသို့ သွားရောက်၍ ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောပြသည်။

“နတ်သံကွင်းတိုက်ပွဲပြီးကတည်းက ဆေးရုံမှာ ဆရာဝန်တွေမရှိဘူး သူနာပြုပဲရှိတယ်။ တချို့က CDM ပေါ့ တချို့ကတော့ လစာမဲ့ခွင့်တင်ပြီးပြေးကြတာ။ အဲဒီတော့အရေးပေါ်လူနာတွေဆိုရင် ပဲနွယ် ကုန်းဘက်သွားတယ် တချို့တတ်နိုင်တဲ့သူကျတော့ တောင်ငူတို့ဖြူးတို့ဘက်ကို သွားကြတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

နတ်သံကွင်းမှ ပဲနွယ်ကုန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းများမှ အစစ် အဆေးများများပြားခြင်းကြောင့် သွားလာရာတွင် ဆေးကုသမှုနှောင့်နှေးသည့်ပြဿနာများ တွေ့ ကြုံနေရသလို ပဲနွယ်ကုန်းမှ ကြို့ပင်ကောက်သို့ သွားသည့်လမ်းပိုင်းသည် မိုးတွင်း ကာလဖြစ်သည့်အလျောက် လမ်းရေကျော်ကာပျက်စီးမှုရှိသဖြင့် သက်ကြီးရွယ် အိုများအတွက် အဆင်မပြေကြောင်း ဒေသခံလူထု၏ပြောဆိုမှုအရ သိရသည်။

အခြားဒေသခံတစ်ဦးကလည်း“မိုးတွင်းဆိုတော့ လမ်းကလည်းပျက်၊ ရွာတွေဘက်ကနေ သွားဖို့က လည်း လမ်းပိတ်ထားတော့ အဆင်မပြေဘူး။ လှေနဲ့ကူးဖို့ကျ ကူးတို့ဆိပ်တွေကို ကျန်းမာရေး စား သောက်ရေး အရေးပေါ်အတွက်ဆို ဖြတ်လို့ရတယ်ဆိုပြီး နောက်ကျတော့ လုံခြုံရေး အခြေအနေ ကြောင့် ပိတ်ထားပြန်ရော ရေလဲရွာက‌နေကူးပြီး ကုမယ်ဆိုရင်လည်း ကြို့ပင်ကောက်ကို ရောက်ဖို့က ခြေကျင်လျှောက်ရတယ်။ သက်ကြီးပိုင်းတွေ၊ အရေးပေါ်လူနာတွေဆိုရင် တော်တော် အခက်အခဲရှိတယ်” ဟု ဆိုသည်။

လက်ရှိ နတ်သံကွင်းမြို့တွင် ငွေကြေးတတ်နိုင်သူဒေသခံများမှာ အခြားနီးစပ်ရာမြို့များသို့ သွားရောက်နေထိုင်ကြပြီး ရွှေ့ပြောင်းရန်အခက်အခဲရှိသောဒေသခံများသာ မြို့အတွင်းကျန်ရှိ၍ တစ်မြို့လုံး၏အဝင်အထွက်များကို စစ်ကောင်စီက ထိန်းချုပ်ထားကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့အပြင် စစ်ကောင်စီက မြို့တွင်းနေပြည်သူများ၏ နေအိမ်များသို့ဝင်ရောက်၍ စစ်ဆေးရှာဖွေခြင်း၊ တစ်အိမ်တက် တစ်အိမ်ဆင်း ဧည့်စာရင်းစစ်ဆေးခြင်းနှင့် မသင်္ကာဖွယ်ရာတွေ့ရှိပါက ဖမ်းဆီး ထောင်ချခြင်းတို့ကိုလည်း ပြီးခဲ့သည့်လပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်ခဲ့ကြရာ လက်ရှိအချိန်ထိ နိုင်ငံရေးနှင့်ပတ်သက်သောမသင်္ကာမှုဖြင့် နယ်မြေရဲစခန်းအတွင်း ထိန်းသိမ်းခံထားရသူများလည်း ရှိနေသေးကြောင်း သိရသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့နယ် အတွင်း ဆေးဝါးနှင့်စားနပ်ရိက္ခာအများအပြား သယ်ဆောင်ခွင့်ကို စစ်ကောင်စီကကန့်သတ် ထား သလို လမ်းပိုင်းသို့ဖြတ်သန်းသွားလာသည့်မော်တော်ယာဥ်များကို သိမ်းဆည်း၍ ငွေဖြင့်ပြန် လာရွေး ခိုင်းခြင်း၊ စားနပ်ရိက္ခာသိမ်းယူခြင်းများကို လုပ်ဆောင်နေကြကြောင်း ကရင်အရေးပေါ် ကူညီကယ် ဆယ်ကော်မတီကလည်း ထုတ်ပြန်ထားသည်။