Home သတင်း အသံနှင့်တော်လှန်မည့် အဆိုရှင်လူငယ်များပါဝင်သော Online Live Show တစ်ခု KAA ပြုလုပ်မည်

အသံနှင့်တော်လှန်မည့် အဆိုရှင်လူငယ်များပါဝင်သော Online Live Show တစ်ခု KAA ပြုလုပ်မည်

686

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ နိုင်ငံရေးနှင့်စည်းရုံးရေး၊ ဖွဲ့စည်းတည်ဆောက် ရေးနှင့် အသိပညာပေးရေးလုပ်ငန်းကော်မတီလက်အောက်ရှိ ကရင်အနုသုခုမ အသင်း-KAA က တော်လှန်တေးသံအမည်ရှိ အွန်လိုင်း Live Show ပွဲအား လာမည့် စက်တင်ဘာလ (၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း လူမှုကွန် ရက်မှ တဆင့် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါအစီအစဥ်အား ယခင်ကတည်းက ပြုလုပ်ကျင်းပရန်စဥ်းစားချက်ရှိထားပြီး ယခုနွေဦးတော်လှန်ရေး ကာလအတွင်း မိမိတို့တတ်ကျွမ်းသည့်အသံဖြင့် ပါဝင်တော် လှန်လိုသော အဆိုရှင်လူငယ်များအတွက် ဖန်တီးကျင်းပခြင်းဖြစ်ကြောင်း ပွဲကျင်းပ ရေးကြေညာချက်အတွက် ပြောခွင့်ရရှိထားသူ KNU ပြောခွင့်ရ ပဒိုစော ကလယ်စေးက ပြောသည်။

“တော်လှန်တေးသံမဖြစ်ခင် KAA ကို ဖွဲ့စည်းတာဖြစ်တယ်။ ဒီလိုအစီအစဥ်မျိုး ကျနော်တို့ရှိခဲ့တာကြာပါပြီး။ နွေဦးတော်လှန်ရေးနောက်ပိုင်း ကျနော်တို့ဆီကို ရောက်လာတဲ့အထဲမှာ လူငယ်တေးသံရှင်တွေလည်း ပါဝင်လာကြတာကိုတွေ့ရတော့ သူတို့ရဲ့တော်လှန်ရေးမှာပါဝင်မှုတစ်ရပ်အဖြစ် ဖန်တီးလိုက်တာပါ။ သူတို့ တတ်စွမ်း တဲ့ပညာနဲ့တော်လှန်နိုင်ဖို့အတွက် ပထမဦးဆုံးအနေနဲ့ တော်လှန်တေးသံကို စီစဥ်ရတာပါ” ဟု ပဒိုစောကလယ်စေးက ပြောသည်။

အဆိုပါပွဲတွင် တေးသံရှင် နိုဗယ်ထူး၊ စောခရစ်မူးလာ၊ စနို၊ ဘိုဂျမ်း၊ အစရှိသည့် နာမည်ကြီး ကရင်အဆိုရှင်များလည်း ပါဝင်အားဖြည့်သွားမည်ဖြစ်ပြီး လက်မှတ် များအား Karen Art Association-KAA ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် စုံစမ်းဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါလက်မှတ်များအား နိုင်ငံပေါင်း ၂၀ မှ သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးနှုန်းထားများဖြင့် ဝယ်ယူနိုင်မည်ဖြစ်သလို မြန်မာကျပ်ငွေနှုန်းထားဖြင့် လတ်မှတ်တစ်စောင်လျှင် ငွေကျပ် ၃ သောင်း၊ အမေရိကန်ဒေါ်လာဖြင့် USD၂၀ ၊ စင်ကာပူဒေါ်လာဖြင့် SGD ၂၀ နှင့် ထိုင်းဘတ်ဖြင့် ၃၀၀ ဘတ် စသည်ဖြင့် ဝယ်ယူရရှိနိုင်သည်ဟု ဆိုထားသည်။

KNU လက်အောက်ရှိဌာနခွဲ တစ်ခုဖြစ်သော ပညာပေးရေးနှင့်ဖွဲ့စည်းတည်ဆောက်ရေး ဌာနခွဲ၏ ရှေ့လုပ်ငန်း စဥ်များအား အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ အနုသုခုမ ကဏ္ဍအား ထည့်သွင်းခြင်းဖြင့် KAA အား ဖွဲ့စည်းခဲ့သလို နယ်စပ်ဒေသသို့ ရောက်ရှိခိုလှုံလာသော ကရင်အနုပညာရှင်များအနေဖြင့် ကရင်အမျိုး သားရေးပန်း တိုင်သို့ တက်လှမ်းရာတွင် ကိုယ်စွမ်းသလောက်ပါဝင်နိုင်ရန် ရည်ရွယ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်းလည်း KNU ၏ ထုတ်ပြန်ပြောဆိုမှုအရ သိရသည်။

အဆိုပါ အွန်လိုင်း Live Show အား ပြည်တွင်းပြည်ပရှိ တော်လှန်ရေး တွင်ပါဝင်နေသူ များအနေဖြင့် အားပေးကြည့်ရှုကြရန်လည်း KNU က ဖိတ်ခေါ် ထားသည်။